စစ်တပ်ပိုင်ထုတ်ကုန်များ ရောင်းအား၇၀ရာခိုင်နှုန်းအထိ ထိုးကျမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်

စစ်တပ်ပိုင်ထုတ်ကုန်များ ရောင်းအား၇၀ရာခိုင်နှုန်းအထိ ထိုးကျမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်

အာဏာသိမ်းစစ်တပ်ပိုင် ထုတ်ကုန်ဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်များ၏ ရောင်းအား အချိန် (၂)လအတွင်း ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားရန်အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ပေးကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (သြဂုတ် ၉) တိုက်တွန်းလိုက်သည်။

စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက် အပါအဝင် စားသောက်ကုန် ၈ မျိုးကို ဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ ထိုးချမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်လိုက်ပြီဖြစ်ကြောင်း သပိတ်အင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းက ပြောကြားထားသည်။

တော်လှန်ရေးကြီးအတွက် ကိုယ့်အသက်ကို အရင်းတည်ပြီး ပါဝင်တိုက်ပွဲဝင်နေကြသူ PDF၊ EROs စစ်သည်တော် သူရဲကောင်းပေါင်းများစွာ ရှိပြီး ကိုယ့်အနေနဲ့ အဲ့လိုအခန်းကဏ္ဍကနေ မပါဝင်နိုင်ဘူးဆိုရင်တောင် တိုက်ပွဲဝင်ရဲဘော်တွေကို စစ်အုပ်စုက ပစ်မယ့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိကြဖို့ လိုနေပါပြီ လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းကပြောသည်။

ဒါ့ကြောင့် စစ်တပ်ရဲ့ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနဲ့ ဖြတ်တောက်ရိုက်ချိုးပစ်မယ့် ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင်ဆင်နွှဲကြဖို့ အချိန်ရောက်လာပါပြီဖြစ်ကြောင်း၊ စစ်တပ်ပိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပါကြောင်း တိုက်တွန်းထားသည်။

အခု ပြည်တွင်း၊ပြည်ပ ပြည်သူတစ်ရပ်လုံး၊ အသက်အရွယ် ကျား၊မ မရွေး ပါဝင်ဆင်နွှဲကြရမယ့် ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ ရဲ့ ဗွေဆော်ဦးခြေလှမ်းလာပြီးဖြစ်ကြောင်း  ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်အုပ်စုပဲ ဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ဆိုသည်။

စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များမှာ မြန်မာဘီယာ ၊ Andama တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ် အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊ Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ဖြစ်ကြောင်း GSCB က ဖော်ပြခဲ့သည်။

 လာမည့် အချိန် ၂ လအတွင်း စစ်တပ်၏ ထုတ်ကုန် ၈ မျိုး၏ လက်ရှိစုစုပေါင်း ရောင်းအား ၏ ၇၀ ရာခိုင်နှုန်း အထိ ထိုးကျသွားစေရန် ဦးတည်ကြောင်း၊ အဆိုပါ ကုန်စည် ၈ မျိုးကို ဝယ်ယူစားသုံးပါက  လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ် ဆီဖိုး ဖြစ်သွားမည်ဖြစ်၍ မသုံးစွဲကြရန်  GSCB  တိုက်တွန်း ထားသည်။

ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြဖို့ ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြဖို့   အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က တိုက် တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly