မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားပြော

မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားပြော

မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီ ခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာ စစ်တပ်ထံ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားက ပြောလိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရက သူ့နိုင်ငံမှာကျင်းပတဲ့ လက်နက်အရောင်းပြပွဲ တက်ရောက်ဖို့ မြန်မာစစ်ကောင်စီသံတမန်တစ်ဦးကို ဖိတ်ကြားခဲ့တာဟာ "အလွန်စိုးရိမ်စရာ" ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက တုံ့ပြန်လိုက်တာပါ။ 

သံအမတ်ကြီးရဲ့ တက်ရောက်မှုဟာ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်သလို၊ တောင်ကိုရီးယားရဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု တားမြစ်ချက်အပေါ် သံသယဖြစ်ရတယ်လို့လည်း ဂျနီဗာမှာရှိတဲ့ တောင်ကိုရီးယားသံရုံးကို ပေးပို့တဲ့စာမှာ အထူးကိုယ်စားလှယ်က ရေးသားခဲ့တာပါ။

တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက် တင်ပို့မှု တားမြစ်ချက်ကို တင်းတင်းကြပ်ကြပ် ဆက်လက်ကျင့်သုံးနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ 

ဖိတ်ကြားချက်ဟာလည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံအသင်းဝင်နိုင်ငံတွေထံ ပေးပို့ခဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ ဖိအားပေးတာတွေ တိုးမြှင့်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ခရီးစဉ်အပြီးမှာလည်း တိုက်တွန်းခဲ့ဖူးပါတယ်။

ဒီလိုဖိတ်တာဟာ တရားမဝင် အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုရာရောက်သလို အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို တောင်ကိုရီးယားရဲ့ လက်နက်တင်ပို့မှုဟာ သံသယဖြစ်စေတယ်လို့ မစ္စတာအန်ဒရူးကပြောထားပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်တင်ပို့မှုပိတ်ဆို့ရေး အပါအဝင် အရေးယူမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ မြန်မာသံအမတ်ကို ဖိတ်ခဲ့တာဟာလည်း အာဆီယံ ၁ဝ နိုင်ငံကို ဖိတ်ကြားခဲ့တာသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက တိုက်တွန်းထားပါတယ်။

ဆိုးလ်မြို့အရှေ့မြောက်ဘက် ၅၂ ကီလိုမီတာအကွာ Pocheon မှာ မေလ၂ ရက်နေ့က လုပ်တဲ့ စစ်လက်နက် အခမ်းအနားကို နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံခြားသံတမန်တွေ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီး ဦးသန့်စင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်လက်နက်ပြပွဲမှာတော့ တင့်ကားတွေအပါအဝင် အခြားစစ်လက်နက်ပစ္စည်းတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly