ဒီပဲယင်းမြို့အဝင် စစ်ကောင်စီဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရ

By မောင်ခက်နွေ (မဇ္ဈိမ)
10 August 2023
ဒီပဲယင်းမြို့အဝင် စစ်ကောင်စီဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အဝင်တွင် ပြည်သူများထံမှ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force-PDF)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်ရှိသည်ဟု ဆိုသည်။

“မိနစ် ၂၀ ကျော်လောက် တိုက်ပွဲကြာတယ်၊ ကျွန်တော်တို့ဘက်က ထိခိုက် ကျဆုံးတာတော့မရှိဘူး၊ သူတို့ တပ်ကူမလာခင် ကျွန်တော်တို့ ပြန်ဆုတ်လာတယ်” ဟု ခေါင်းဆောင် ရဲဘော်ဇီးကွက်က ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လေးဦး ထိခိုက်ခဲ့ပြီး ထိုအထဲမှ တစ်ဦးသေဆုံးကာ၊ သေဆုံးသူမှာ စစ်တပ်မှဗိုလ်အဆင့်ရှိသူဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ် ခေါင်းဆောင် ရဲဘော်ဇီးကွက်က ပြောသည်။

ထိုတိုက်ပွဲကို  ပုဂံပြည်ဘီလူးတပ် အပါအဝင် ဒီပဲယင်း ပကဖ၊ နယ်စည်းမခြား ဖက်ဒရယ်စစ်ကြောင်း၊ ရန်ကြီးအောင် PDF၊ ညောင်ဦးခရိုင် တပ်ရင်း ၅/တပ်ခွဲ -၂ (ရဲဘော်ညီနောင်) စသည့်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလျှက်ရှိရာ ရမခ(၇၀၂)၊ (၇၀၈)စသည့် စစ်ကောင်စီတပ်ရင်းများမှ စစ်ကြောင်းထိုးနေချိန် မြို့အဝင်ဂိတ်အား  အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ဝင် ဂိတ်နားရှိ ကွက်သစ်ရပ်ကွက်တစ်ခုလုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required