ပြည်ဝင်ခွင့် ပိတ်ပင်ခံရသည့် အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပေးရန် တရုတ်က ရုရှားကို တောင်းဆို

ပြည်ဝင်ခွင့် ပိတ်ပင်ခံရသည့် အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပေးရန် တရုတ်က ရုရှားကို တောင်းဆို

ရုရှားနိုင်ငံသို့ ဝင်ရောက်ရန် ငြင်းဆန်ခံခဲ့ရသည့် တရုတ်နိုင်ငံသားများ အား ပြုမူဆက်ဆံမှုအပေါ် ရုရှားရှိ တရုတ်သံရုံးက  ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါ “အခွင့်အရေးချိုးဖောက်မှု” ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြသည်။

တရုတ်နိုင်ငံသား ၅ ဦးကို ရုရှားဘက်မှ ဇူလိုင် ၂၉ ရက်နေ့က ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့ပြီး ၎င်းတို့၏ ခရီးသွားဗီဇာများကိုပင် ပယ်ဖျက်ခဲ့ကြောင်း တရုတ်သံရုံးက ၎င်း၏ WeChat စာမျက်နှာတွင် ဖော်ပြထားသည်။ ရုရှားသည် ၎င်းတို့အား ၄ နာရီ ကြာ စစ်ဆေးမေးမြန်းခဲ့သည် ဟုလည်း သံရုံးက ဆိုသည်။

ရုရှားအာဏာပိုင်များသည် တရုတ်နိုင်ငံသားများ အား ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ရခြင်း မှာ “ရုရှား ပြည်ဝင်ခွင့် လျှောက်ထားရခြင်း ရည်ရွယ်ချက်မှာ ၎င်းတို့၏ ခရီးစဉ် ရည်ရွယ်ချက်နှင့် ကိုက်ညီမှု မရှိသည့် အပြင် ရုရှားဥပဒေ၏ စံနှုန်းများကို ချိုးဖောက်ရာရောက်သော ကြောင့် ဖြစ်” ကြောင်း ရုရှား သံရုံး က ဆိုသည်။

“ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ နဲ့ ဒီဖြစ်ရပ်ရဲ့ ဆိုးကျိုး တွေ မရှိလာစေဖို့ အမြင့်ဆုံး ကြိုးပမ်းမှုတွေ လုပ်ဆောင်ရန် တရုတ် သံရုံးက ရုရှားကို တောင်းဆိုထားပါတယ်” ဟု ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများ၏ အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် ထိုသို့သော ကိစ္စများ ထပ်မံမဖြစ်ပွားစေရေး အာမခံပေးရန် တရုတ်သံတမန် မစ်ရှင် က တောင်းဆိုခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြသည်။

တရုတ်သံတမန်များသည် ရုရှားနိုင်ငံခြားရေးဌာန အပါအဝင် သက်ဆိုင်ရာ ရုရှားအစိုးရ အဖွဲ့များကို မေတ္တာရပ်ခံခဲ့သည်။ ရုရှားဖက်မှ အဆိုပါ ဖြစ်ရပ်ကို သီးခြားကိစ္စရပ်အဖြစ် သတ်မှတ်ပြီး တရုတ်နိုင်ငံသားများကို ခွဲခြား ဆက်ဆံခြင်း မရှိဘဲ လက်ခံရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly