ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲပြင်းထန်နေ

By Spring
08 August 2023
ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီတပ်က လက်တလော ထိုးစစ်ဆင်နေမှုတွေပြုလုပ်လာတာကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲများပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်တွေ အပြင်းအထန် စစ်ကြောင်းဆင်တိုက်ခိုက်နေတဲ့ ရှမ်း-ကယားဒေသ ဒီးမော့ဆိုနဲ့ဖယ်ခုံမှာ ရက်ရှည်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပြီး တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုကာ ဦးတည်ရာမရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာ ဒေသတွေဆီ တိမ်းရှောင်နေကြရပါတယ်။လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ကြောင်းဆင် တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ရှမ်း-ကယားဒေသ နေရာအနှံ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ခုချိန်ထိ ကြိုကြားကြိုကြား နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

အလားတူ ရှမ်း-ကယားနယ်စပ်က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် စက်တော်ရာကျေးရွာ ခေါင်းအိကျေးရွာဘက်မှာလည်း နှစ်ဖက် ပစ်ခတ်သံတွေ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့အကြောင်း အနီးအနားမှာ တိမ်းရှောင်နေတဲ့ ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဟိုင်းဆန်အုပ်စု၊ ခိုင်းဖက်နမ်ကျေးရွာအနီးမှာ ဩဂုတ် ၆ ရက် မနက် ၆ နာရီကစလို့ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ခိုင်းဖက်နမ်ကျေးရွာအနီး တပ်စွဲထားတဲ့ SSPP တပ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့ မနက်မှာ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ယခုအချိန်ထိ ၎င်းဒေသအတွင်းတွင် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲထပ်ဖြစ်နိုင်ချေရှိကြောင်းလည်း SSPP က ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဇွန်လကတည်းက တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ခုထိလည်း နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ တည်ငြိမ်မှုမရှိသေးတာကြောင့် အရေးပေါ်ကာလ နောက်ထပ် ခြောက်လ သက်တမ်းတိုးကြောင်း စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်မှာကြေညာခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်မျက်နှာအမြောက်အများဖွင့်ပြီး ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

#politicalnews

#newsfeature

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly