စစ်ကောင်စီကလက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေးအစည်းအဝေးကို နိုင်ငံပေါင်း (၁၁) နိုင်ငံတတ်ရောက်ခဲ့

By Spring
08 August 2023
စစ်ကောင်စီကလက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေးအစည်းအဝေးကို နိုင်ငံပေါင်း (၁၁) နိုင်ငံတတ်ရောက်ခဲ့

ဝေဖန်မှုတွေမြင့်တတ်နေတဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စားပွဲတင်လေ့ကျင့်ခန်းအစည်းအဝေးကို ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုတက်ရောက်ခဲ့ပေမယ့် စင်ကာပူနိုင်ငံပါဝင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

အဆိုပါအကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး ပူးတွဲလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့ အပါအဝင် အာဆီယံအဖွဲ့ရဲ့ဆွေးနွေးမှု မိတ်ဖက် နိုင်ငံအချို့ ပူးပေါင်းတက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

အဆိုပါစားပွဲတင် လေ့ကျင့်ခန်း tabletop exercise ကို မြန်မာနိုင်ငံ နေပြည်တော်မှာ သြဂုတ် ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံဟာ လာမယ့်လမှာ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပမယ့် လေ့ကျင့်ခန်းအတွင်း မြေပြင်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို အဓိကထား လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ADMM ဆိုတာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ ကာကွယ်ရေးကဏ္ဍအတွင်း အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး၊ ADMM-Plus ကတော့ မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေ ပါဝင်ပါတယ်။

ADMM ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာဆီယံရဲ့ မဏ္ဍိုင်သုံးရပ်ထဲက တစ်ခုဖြစ်တဲ့ “အာဆီယံ လုံခြုံရေး အသိုက်အဝန်း “ ကို အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်။

ADMM ရဲ့ ကျွမ်းကျင်ပညာရှင် အလုပ်အဖွဲ့ ၇ ဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ လက်ရှိပူးတွဲဥက္ကဋ္ဌ တွေက အကြမ်းဖက် မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံက တာဝန်ယူထားတာဖြစ်ပါတယ်။

စစ်ရေးအဆင့်မှာ အာဆီယံကာကွယ်ရေး ဦးစီးချုပ်တွေ၊ တပ်မှူးတွေ၊ လေတပ်အကြီးအကဲတွေ၊ ရေတပ်အကြီးအကဲတွေ၊ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲတွေ ပါဝင်တဲ့ အစည်းအဝေးတွေ စီစဉ်ကျင်းပပါတယ်။

အာဆီယံရဲ့ အခြားအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားပြုမှုတွေကို ချန်လှပ်ထားပေမယ့်လည်း ADMM ကတော့ အကြမ်းဖက် မြန်မာစစ်ကောင်စီအပေါ် တရားဝင်မှုနဲ့ ပံ့ပိုးမှုတွေ အစဉ်တစိုက် ပေးအပ်နေတာ ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ADMM အစည်းအဝေးတွင် စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းဟာ အာဆီယံအနေဖြင့် စစ်အုပ်စုကို ပံ့ပိုးကူညီမှုနှင့် တရားဝင်မှု ပေးနေခြင်းသာ ဖြစ်ပြီး၊ ဒါဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေထဲမှာ ကြံရာပါအဖြစ် ရောက်ရှိသွားမှာဖြစ်သလို၊ နိုင်ငံတစ်ဝှမ်း အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုကို ပိုမိုရဲတင်းစွာဖြင့် ကျူးလွန်နိုင်စေဖို့ အားပေးအားမြှောက် ပြုရာလည်း ရောက်လိမ့်မယ် လို့ အိတ်ဖွင့်ပေးစာထဲမှာ သတိပေးထားပါတယ်။

ADMM အလုပ်အဖွဲ့ဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်တွေအတွက် အသုံးချခံ ဖြစ်နေပြီး၊ စစ်အုပ်စုဟာ တရားဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDFs) နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အတွက် ဒေသတွင်း အကူအညီရယူဖို့ ADMM အလုပ်အဖွဲ့ကို အသုံးချနေတယ်လို့ JFM က ဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly