ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းကျဆင်းရေး ပညာပေးဟောပြော

By ပါခွီး (မဇ္စျိမ)
08 August 2023
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းကျဆင်းရေး ပညာပေးဟောပြော

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဖလမ်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဖလမ်းမြို့နယ်အတွင်းမှ ပြည်သူများနှင့်တွေ့ဆုံပြီး မှုခင်းကျဆင်းရေး ပညာပေး ဟောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

 ဒုတိယမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့သည် ဖလမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိပြည်သူလူထုနှင့်တွေ့ဆုံကာ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ ပညာပေးဟောပြောဆွေးနွေးမှုများကို ဩဂုတ်လ ၆ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒေသတွင်းမှာ မှုခင်းတွေတိုးပွားလာနေပါတယ် ၊ လူသတ်မှု၊ ခိုးမှု၊ မုဒိမ်းမှုတွေရှိပြီး အဓိက အများဆုံးကတော့ မူးယစ်ဆေးဝါးအမှုတွေပါ၊ ဒီလိုအခြေအနေတွေကြောင့် ဟောပြောပွဲလုပ်ရတာပါ” ဟု ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥက္ကဋ္ဌ စတီဗင် က မဇ္စျိမ ကို ပြောသည်။

ဟောပြောပွဲတွင်မှုခင်းကျဆင်းရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးများ ဆွေးနွေးခဲ့ပြီး ပြည်သူလူထုနှင့် ပိုမိုရင်းနှီးမှုရရှိရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့ က တရားဥပဒေနှင့်အညီ ပြည်သူကို ကာကွယ်စောင့်ရှောက်မည့်အကြောင်းအရာများ ပါဝင်ကြောင်းဆိုသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အမှုတည်ဆောက်၍ မြို့နယ်တရားရုံးများတွင် တရားစွဲခြင်းများပြုလုပ်ကြောင်း သိရသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် ပြည်သူလူထုက ပေါက်ဖွားလာပြီး ပြည်သူလူထုမှ ပိုင်ဆိုင်ထားသည့်တပ်ဖွဲ့ဖြစ်သောကြောင့် တော်လှန်ရေးကာလဖြစ်သော်ငြားလည်း တစ်ပြည်နယ်လုံးရှိ ပြည်သူလူထုအားလုံး အတွက် တရားမျှတမှုရှိရေးအတွက် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မတရားမှုမှန်သမျှကို ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်ပြီး အမှုတိုင်တန်းကြဖို့ မေတ္တာရပ်ခံလိုကြောင်း ပြစ်မှုကျူးလွန်သူများကို မြို့အတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေပြီဖြစ်ကြောင်း စတီဗင် က ဆက်လက်ပြောဆိုသည်။

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် ဖက်ဒရယ် ရဲတပ်ဖွဲ့စနစ်အတွင်းက ပြည်နယ်ရဲအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်ပြီး ပြည်နယ်ပြင်ပ ထွက်ပြေးတိမ်းရှောင်သူများကိုလည်း အတတ်နိုင်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိနေကြောင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၉ရက်နေ့ကလည်း ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ၊ ကန်ပက်လက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုနှင့်တွေ့ဆုံပြီး ဟောပြောဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required