CDF တပ်ဖွဲ့ဝင် ၂၀၀ အိန္ဒိယသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်ဆိုသည်မှာ မဟုတ်မှန်

By ZZ (မဇ္ဈိမ)
07 August 2023
CDF တပ်ဖွဲ့ဝင် ၂၀၀ အိန္ဒိယသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်ဆိုသည်မှာ မဟုတ်မှန်

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင် ၂၀၀ လက်နက်ချကာ အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းသည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။ 

“ရန်ကြီးအောင်”အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၄ ရက်နေ့တွင် ပုံသုံးပုံဖြင့် “မြန်မာတပ် မတော်ကို အပြုတ်တိုက်မယ်ဆိုတဲ့ Cdf ချင်းပလုံးပဒက် အင်အား 200 ခန့် အိန္ဒိယနိုင်ငံသို့ လက်နက် အပ်နှံပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းသွားပါကြောင်း သတင်းရရှိပါသည်” ဟု (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဖြန့်ဝေခဲ့သည်။ 

ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရုပ်ကိုးခုတွင် ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူ ၆,၀၀၀ ကျော်ရှိသည်။ အလားတူပင် ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေမှုများလည်း ရှိနေသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါဖြန့်ဝေမှုတွင်ပါဝင်သည့် ဓာတ်ပုံနှင့် အကြောင်း အရာများအား အချက်အလက်စစ်ဆေးခဲ့သည်။ 

ဓာတ်ပုံများထဲမှ တတိယပုံသည် ၂၀၂၂ ခုနှစ်ကတည်းကရှိနေခဲ့သည့် ပုံဟောင်းဖြစ်သည်။ “Titus Tang” အမည်ရှိ YouTube အသုံးပြုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ချင်းဘာသာစကားဖြင့် တင် ဆက်ထားသည့် ဗီဒီယိုဖိုင်၌ပါဝင်သည့် ဓာတ်ပုံဖြစ်သည်။ 

လင့်- https://bit.ly/3QrQ0Av (၁ မိနစ်နှင့် ၅၅ စက္ကန့်) 

CDF တပ်ဖွဲ့ဝင်များ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းနှင့်ပတ်သက်၍ အိန္ဒိယသတင်းဌာနများဖြစ်သည့် India Today ၊ NDTV ၊ The Indian Express ၊ The Economic Times တို့တွင် ရှာဖွေခဲ့ရာ၌ သတင်းတု ကဖော်ပြထားသည့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသည်ဟူသည့် အကြောင်းအရာကို မတွေ့ရချေ။ 

အလားတူပင် မြန်မာသတင်းဌာနများ၌လည်း ထိုအကြောင်းနှင့်ပတ်သက်၍ သတင်းဖော်ပြမှု မရှိပေ။ 
ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် Chinland Joint Defense Committee (CJDC) တပ်ဖွဲ့မှ တာဝန်ရှိသူတဦးကို အဆိုပါအကြောင်းအရာနှင့်ပတ်သက် ပြီး ဆက်သွယ်မေးမြန်းခဲ့သည်။

၎င်းမှ “မကြားမိပါဘူး အကို။ တကယ်လို့ရှိလာခဲ့ရင်လည်း ကျွန်တော်တို့ကြားသင့်ပါတယ်။ မသိလိုက်ဘူး နော်။ တစ်ဖက်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့သူ မရှိသေးဘူး” ဟု ပြောသည်။  
 ထို့ကြောင့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့်  လက်နက်ချကာ နိုင်ငံရေးခိုလှုံခွင့် အိန္ဒိယနိုင်ငံကိုတောင်းသည်ဆို သောသတင်းမှာ အမှန်တကယ်မရှိသည့်အကြောင်းအရာကို လုပ်ကြံဖန်တီးရေးသားထားသည့် သတင်း အမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly