ယင်းမာပင်မြို့နယ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင်

By လွှမ်းမိုး (မဇ္ဈိမ)
07 August 2023
ယင်းမာပင်မြို့နယ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း ချင်းတွင်းမြစ်ကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေ ခြင်းကြောင့်  ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်နေ့မှ စတင်ကာ စစ်ရှောင်နေရခြင်းဖြစ်ပြီး စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း စစ်ဘေးရှောင် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“စစ်ရှောင်နေရတာ ဒီနေ့ရောဆို သုံးရက်ရှိပြီ။ အိမ်ကလည်း နိုင်သလောက် ဆန်၊ ဆီလေးတွေထည့်ခဲ့တာ တော့ရှိတယ်။ စစ်ရှောင်ရက်ကြာလာတော့ စားဖို့သောက်ဖို့ အဆင်မပြေတာတွေ ဖြစ်လာတယ်။ 

တခြား ရွာတွေသွားဖို့ဆိုတာလည်း လူကများတော့အားနာတယ်။ အဲဒီတော့ဖြစ်သလို တောထဲကသစ်ပင်အောက် မှာ တဲထိုးပြီးနေရတာပေါ့။ မိုးမရွာရင်အဆင်ပြေပေမဲ့ မိုးကရွာနေတော့ နေဖို့အခက်ကြုံနေတယ်” ဟု ဆိုသည်။

နီးစပ်ရာ တောတောင်များနှင့် ဘေးလွတ်ရာထွက်ပြေးနေရသည် စစ်ရှောင်များသည် လက်ရှိတွင် ရက် ဆက်မိုးရွာသွန်းမှုကြောင့် နေထိုင်ရေးအတွက် လွန်စွာခက်ခဲနေကြောင်းလည်း စစ်ဘေးရှောင်များက ပြောသည်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေခြင်းကြောင့် စုန်းချောင်း၊ ပန်းတိမ်ပြင်၊ စေသူ၊ ကျောက်မှော်၊ ကျောက်ကုန်းနှင့် ကြက်လျှာ စသည့် ကျေးရွာများမှ လူဦးရေ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရခြင်း ဖြစ်သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly