နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရန် ပြည်တွင်းပြည်ပအင်အားစုများစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဖွဲ့စည်း

By ပါခွီး (မဇ္စျိမ)
07 August 2023
နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရန် ပြည်တွင်းပြည်ပအင်အားစုများစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဖွဲ့စည်း

အနာဂတ်ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရန် ပြည်တွင်းပြည်ပ အင်အား စုများစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) Chin National Council (Mindat)ကို ဖွဲ့စည်း ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မူဝါဒလမ်းစဉ်များကို ရေးဆွဲချမှတ်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ တော် လှန်ရေးအင်အားစုများစုပေါင်း၍ ဒေသတွင်း အမြင့်ဆုံးအာဏာကျင်သုံးမည့် ကောင်စီကိုဖွဲ့စည်း ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေး အတိုင်းအတာတခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာ သည့်အပြင် အနာဂတ် ချင်းလူမျိုးများအတွက် မူဝါဒလုပ်ငန်းစဉ်များရေးဆွဲချမှတ်အကောင်အထည်ဖော် မည့် နိုင်ငံရေးဦးဆောင်အဖွဲ့ အရေးတကြီးလိုအပ်သောကြောင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဆိုသည်။

ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကိုအာမခံချက်ပေးသည့် မူဝါဒလမ်းစဉ်များ ရေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။

“နိုင်ငံရေး ဦးဆောင်မှုပေးဖို့၊ ဖက်ဒရယ်ရေးအတွက် အနာဂတ်နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ဖို့အတွက်ပါ။ အုပ်ချုပ်ရေး၊ ကာကွယ်ရေးက အကောင်အထည်ဖော်ဆောင်တဲ့ implementation body ပဲဖြစ်ပြီး မူဝါဒ လမ်းစဉ်ချမှတ်ဖို့  Policy making body တဖြစ်လဲ Political Wing ကိုဖွဲ့စည်းခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်ယောမန်က မဇ္စျိမကို ပြောသည်။

CNC(Mindat)တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(မင်းတပ်)တို့အပြင် ပြည်ပရောက် မင်းတပ်အဖွဲ့အစည်းများပါဝင်ကြပြီး ပါဝင်သည့်အဖွဲ့အစည်းများကို မကြာခင်ထုတ်ပြန် သွားရန်ရှိကြောင်း ဆိုသည်။

မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးစသည့် လုပ်ငန်းစဉ်များကို စည်းစည်းလုံးလုံး စနစ်တကျ အကောင်အထည်ဖော်နိုင် သည်မှာ ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ကြောင်းဆိုသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲတွင် တော်လှန်ရေးတပ်ဦးမှ ကိုယ်ကျိုးမငဲ့ ရွပ်ရွပ်ချွံချွံပါဝင်တော်လှန်ခဲ့သည်မှာ နှစ်နှစ်တာကာလ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required