KNU တပ်မဟာ(၁) သထုံခရိုင်မှ PDF များ စစ်ကောင်စီထံလက်နက်ချသည့်ဖြစ်စဉ် မရှိ 

By JC ( မဇ္ဈိမ)
07 August 2023
KNU တပ်မဟာ(၁) သထုံခရိုင်မှ PDF များ စစ်ကောင်စီထံလက်နက်ချသည့်ဖြစ်စဉ် မရှိ 

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁) မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး စစ်ကောင်စီ ထံလက်နက်ချကာ လက်နက်နှင့်တကွအလင်းဝင်သွားသည်ဆိုသောသတင်း ပျံ့နှံ့နေသည်။ ယင်းမှာ စစ်ကောင်စီထောက်ခံသူများ ဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်သည်။

“Saw Ba Maung” တယ်လီဂရမ်ချန်နယ်မှ ဩဂုတ်လ ၄ ရက်နေ့တွင် “KNU တပ်မဟာ(၁) မှ PDF ၁၄ ဦး အလင်းဝင်ရောက်” ဟူသောခေါင်းစဉ်ဖြင့် တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်း၏ လက်အောက် မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦးသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် လက်နက်နှင့်တကွ အလင်းဝင်းခဲ့ ကြောင်း လူ ၁၄ ဦးကို မျက်နှာဖုံးကွယ်ထားသည့်ပုံနှင့် လက်နက်ပုံနှစ်ပုံဖြင့် ဖြန့်ဝေထားသည်။

ထိုအကြောင်းအရာကို မှိုင်းဝေ၊ ကိုသက်၊ တပ်ကြပ်ကြီးဖိုးစည်၊ ကျော်စွာ စသည့် စစ်ကောင်စီဝါဒဖြန့် ချန်နယ်များအပါအဝင် တယ်လီဂရမ်ချန်နယ်နှင့် ဂရုပေါင်း ၄၉ တွင် ပျံ့နှံ့လျက်ရှိနေသည်။ ထိုအကြောင်း ကို ကြည့်ရှုသူ ၁၅၀,၀၀၀ ကျော် ရှိနေပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ 
“Yarmanya Times” ဆိုသည့် သတင်းဌာနမှလည်း “ကျိုက်ထိုမြို့နယ် PDF ၁၄ ဦး လက်နက်များနှင့် အတူအလင်းဝင်” ဟု အဆိုပါပုံဓာတ်ပုံများဖြင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ဝင်များဖြစ် ကြောင်း ဖြန့်ဝေထားသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ စစ်ကောင်စီမှ ဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်ကြောင်း တွေ့ရသည်။

“Saw Ba Maung” တယ်လီဂရမ်ချန်နယ်မှ ဖြန့်ဝေထားသည့် အကြောင်းအရာနှင့်ပတ်သက်၍ တပ်မဟာ (၁)သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းအား မဇ္ဈိမမှဆက်သွယ်မေးမြန်းခဲ့ရာ ထိုသတင်းမှာ သတင်း အမှားဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့မှ ထွက်ပြေးလက်နက်ချသူမရှိသကဲ့သို့ လက်နက်ပျောက်ဆုံးခြင်းလည်း မရှိကြောင်း ပြောသည်။ 

“သူတို့တင်ထားတဲ့ပုံတွေက ကျနော့်တပ်မဟာက မဟုတ်ဘူးဆိုတာတော့ အတိအကျပြောချင်ပါတယ်။ ပုံထဲကလူတွေက သာမာန်ပြည်သူတွေလည်း ဖြစ်နိုင်ပါတယ်။ ခုချိန်ထိ ထွက်ပြေးတဲ့ ရဲဘော်မရှိပါဘူး၊ လက်နက်တွေကလည်း အမှားတွေပါ။ ဘယ်ကပုံတွေကိုယူပြီးတင်လဲမသိဘူး” ဟု ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံအား အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း ဖော်ပြထားသည့် လူ ၁၄ ဦး၏ ပုံစံသည် ၎င်းတို့တပ်ဖွဲ့မှ ရဲဘော်များ မဟုတ်ကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့တွင် လက်နက်ချထွက်ပြေးသူမရှိကြောင်း ပြောသည်။

“ဒါက ရယ်စရာကြီးဗျာ။ ကျနော်တို့ ဒီသတင်းတွေ့ကတည်းက အကုန်လုံးထိုင်ရယ်နေတာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပုံတွေကိုလည်းကြည့်ဦး ဗိုက်ရွှဲရွှဲကြီးတွေနဲ့ လုပ်ယူထားတာ သိသာတယ်။ တကယ် အလင်း ဝင်တယ်ဆိုလည်းရုပ်ကိုပြဗျာ ကျိုက်ထိုသားတွေပဲ သိမှာပေါ့။ အကိုတို့ဆီက ဘယ်သူမှ အလင်းမဝင်ပါ ဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိနေကြပါတယ်။ အကိုတို့အနေနဲ့ သတင်းဖုံးထားစရာမရှိပါဘူး” ဟု KRF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

PDF များ အလင်းဝင်းသွားသည်ဆိုသည့်အကြောင်းကို မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားသည်ကို လည်း မတွေ့ရပေ။ 

ထို့ကြောင့် KNU တပ်မဟာ(၁) သထုံခရိုင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး လက်နက်နှင့်တကွ အလင်းဝင် သည်ဆိုသောသတင်းမှာ စစ်ကောင်စီထောက်ခံသူများ လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့် သတင်းတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly