ပုဂံမှ ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဆိုသည်မှာ ဖြစ်စဉ်အဟောင်းသာဖြစ်

By JC (မဇ္ဈိမ)
05 August 2023
ပုဂံမှ ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဆိုသည်မှာ ဖြစ်စဉ်အဟောင်းသာဖြစ်

ပုဂံတွင် ရှေးဟောင်းဘုရားကိုခြံခတ်ကာ နိုင်ငံခြားသားပိုင် ဟိုတယ်နှင့် စားသောက်ဆိုင်ပြုလုပ် ထားပြီး မြန်မာနိုင်ငံသား ဘုရားဖူးများအား ဝင်ခွင့်ကန့်သတ်ထားသည်ဆိုသောသတင်း လူမှုကွန်ရက် တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ ဖြစ်စဉ်အဟောင်းသာဖြစ်သည်။ 

“Hta Yaw Thar” အမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူက ဩဂုတ်လ ၁ ရက်နေ့တွင် “ဘုရားကို ခြံခတ်ပြီး မြန်မာမဝင်ရဟုဆိုတဲ့ ပုံဂံက နိုင်ငံခြားသားပိုင်ဟိုတယ်” ခေါင်းစဉ်ဖြင့် ရွှေစည်းခုံဘုရားအနီးတွင် နိုင်ငံခြား သားပိုင် Bagan Step ဟိုတယ်သည် ရှေးဟောင်းဘုရားတဆူနှင့် ပုဂံခေတ်ကျောက်တိုင်သုံးခုအား ခြံဝင်း ခတ်ကာ ဘုရားဖူးခရီးသွား မြန်မာနိုင်ငံသားများအား ဝင်ခွင့်မပြု၊ ဓာတ်ပုံရိုက်ခွင့်မပြုကြောင်း ဖြန့်ဝေထား သည်။ 

၎င်းအား ဖြန့်ဝေမှု ၉၈၇ ခုရှိကာ ပိုစ့်ကို screenshot ရိုက်ကာ ပြန်လည်ဖြန့်ဝေထားမှုများလည်း ဖေ့စ်ဘုတ် တွင် ပျံ့နှံ့လျက်ရှိသည်။
ထိုအကြောင်းအရာကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ် အဟောင်းကို ပြန်လည်ဖြန့်ဝေထားခြင်းသာဖြစ်ကြောင်း တွေ့ရသည်။ 

April Maung Maung ဆိုသည့် ဖေ့စ်ဘုတ်အသုံးပြုသူတဦးက ထိုအကြောင်းအရာနှင့် ဓာတ်ပုံများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ဖော်ပြထားခဲ့ပြီး ဖြန့်ဝေမှု ၂၃,၀၀၀ ကျော်ရှိကာ အခြား ဖေ့စ်ဘုတ် သုံးစွဲသူများမှလည်း ဖြန့်ဝေမှုများစွာရှိခဲ့သည်။ မူရင်းရေးသားသူမှာ ကိုဇင်မင်းဆွေဟု စာအဆုံးတွင်ဖော် ပြထားသော်လည်း ၎င်းကို မတွေ့ရတော့ပေ။

၂၀၁၅ ခုနှစ်ဆန်းပိုင်းက ရွှေစည်းခုံဘုရားအနောက်ဘက် မြစ်ကမ်းအနီး၌ ရှေးဟောင်းဘုန်းကြီးကျောင်း ကိုခြံဝင်းခတ်ကာ ခရီးသွားများအားဝင်ခွင့်ကန့်သတ်သည့်ဖြစ်စဉ် ရှိခဲ့ဖူးသော်လည်း လက်ရှိတွင် ထိုလုပ် ငန်းမှာမရှိတော့ကြောင်း  ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်) မှ ဦးဇော်ဝိတ် ကပြောသည်။

“အရင်ကတော့ရှိခဲ့ဖူးတယ်၊ အခုတော့ အဲ့ဒါကမရှိတော့ပါဘူး။ အဲ့ဒါကလည်း ရှေးဟောင်းဘုန်းကြီး ကျောင်းမှာ ဝင်းခတ်ထားတာ။ ဘုရားမရှိပါဘူး အဆောက်အဦးကဘုန်းကြီးကျောင်းအပျက်တွေပါ” ဟု ဦးဇော်ဝိတ်က မဇ္ဈိမကိုပြောသည်။

သတင်းတုတွင် ဖော်ပြထားသည့် ဓာတ်ပုံများအနက် မြေပုံ၏နေရာအနီးတဝိုက်အား Google map တွင် ရှာဖွေခဲ့ရာ Bagan Step ဟု ဖော်ပြထားသည့်တည်နေရာတခုကို တွေ့ရသည်။ ထို Bagan Step တည်နေ ရာမှဖော်ပြထားသည့် ဖုန်းနံပါတ်အား မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ ဆက်သွယ်ခဲ့ရာ ဖုန်းမှာ စက် ပိတ်ထားသည်။

ယင်းနေရာအနီးတဝိုက်တွင် ဇောတိပါလပရဟိတကျောင်းတိုက်ရှိပြီး မဇ္ဈိ၏အချက်အလက်စစ်ဆေးသူ က ဆက်သွယ်မေးမြန်းခဲ့ရာ လူမှုကွန်ရက်၌ပျံ့နှံ့နေသည့်အကြောင်းအရာမှာ မှားယွင်းနေပြီး လက်ရှိတွင် အဆိုပါခြံဝင်းကို ၎င်းကစောင့်ရှောက်ထားကြောင်း ဆရာတော်ဥူးဇောတိပါလက မိန့်ကြားသည်။

“ဟိုတယ်တော့ မရှိပါဘူး။ ၂၀၁၅ တုန်းကတင်ထားတဲ့ဟာကို အခု လတ်တလောမှာမှ ရတနာရတနာ ဆိုတဲ့အကောင့်ကလားတော့ မသိပါဘူး ပြန်တင်နေတာ။ အလကားလျှောက်ဖွနေတာ မဟုတ်ပါဘူး။ အမှားကြီးပါ။ အဲဒါက ၂၀၁၅ တုန်းကတည်းက တင်ထားတဲ့ဟာကြီးလေ။ အဲဒါကလည်း ခြံပဲရှိတော့တယ်။ လောလောဆယ် ဘုန်းကြီးပဲ စောင့်ရှောက်နေတယ်”ဟု ဆရာတော်ဥူးဇောတိပါလက မဇ္ဈိမသို့ မိန့်ကြား သည်။

ဘုရားဖူးခရီးသည်များအား ပုဂံ၊ ညောင်ဦးမြို့အတွင်း ဝန်ဆောင်မှုပေးနေသည့် သုံးဘီးဆိုင်ကယ်မောင်းသူ တဦးအား ဆက်သွယ်မေးမြန်းသည့်အခါတွင်လည်း လက်ရှိတွင် သွားလာခွင့်မရသည့်နေရာ မရှိကြောင်း နှင့် ရွှေစည်းခုံစေတီအနီးတဝိုက်တွင် Bagan Step ဆိုသည့် ဟိုတယ်မရှိကြောင်း မဇ္ဈိမကိုပြောသည်။

ထို့ကြောင့် လူမှုကွန်ရက်တွင်လတ်တလောပျံ့နှံ့နေသည့် နိုင်ငံခြားသားဟိုတယ်ပိုင်ရှင်များက ရှေးဟောင်း ဘုရားများအားခြံဝင်းခတ်ကာ မြန်မာနိုင်ငံသားခရီးသွားများအား ဓာတ်ပုံရိုက်ခွင့်မပေးဘဲ သွားလာခွင့် ပိတ်ပင်သည်မှာ ယခင် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဟောင်းအား ယခု ဖြစ်စဉ်ကဲ့သို့ ပြန်လည် ဖြန့်ဝေထားခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly