အင်းတော် နဘားလမ်းဆုံတိုက်ပွဲ အရပ်သား ၁ဦးသေ ၂ဦးဒဏ်ရာရ

By ကိုခင်မောင် (မဇ္စျိမ)
04 August 2023
အင်းတော် နဘားလမ်းဆုံတိုက်ပွဲ အရပ်သား ၁ဦးသေ ၂ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း  အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသည်။

နဘားလမ်းဆုံတွင် သြဂုတ်လ ၂ရက်နေ့ နံနက် ၁၀နာရီခန့်က အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွား နေစဥ် တိုက်ပွဲတွင်း ဖြတ်လာမိသည့် လိုက်ထရပ်ကားအား စစ်ကောင်စီကပစ်ခတ်ခြင်းဟုIndaw Revolution-IR က သတင်းထုတ်ပြန်သည်။ကားဆရာပွဲချင်းပြီးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

" ပစ်ခတ်မှုက ငါးနာရီလောက်ကြာပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ မသိရသေးဘူး”ဟု Indaw Revolution-IRမှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့သည် နဘားလမ်းဆုံတွင် စောင့်ကာ ကား၊ဆိုင်ကယ်များကို စစ်ဆေးပြီး  နဘားရွာထဲတွင်လည်း ညအိပ်တပ်စွဲခဲ့သည်ဟု သိရသည်။ ယနေ့ သြဂုတ် ၄ရက်တွင် နဘားရွာမှ ထွက်ခွာလာပြီး  အင်းတော်မြို့ပေါ် ရှိ စင့်ဟောက်ဘုန်းကြီးကျောင်းသို့ ရောက်ရှိတပ်စွဲထားကြောင်း သိရသည်။

အင်းတော်မြို့ပေါ်တွင်  စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မြို့တွင်းရပ်ကွက်များ၊ မြို့အဝင်အထွက် လမ်းများတွင်ပြည်သူများအား စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု Indaw Revolution-IR ထံမှ သိရသည်။

Indaw Revolution-IRသည် အင်းတော်မြို့နယ်တွင်း စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲသတင်းများ၊ ဒေသခံပြည်သူများ၏ လုံခြုံရေးဆိုင်ရာသတိပေးချက်များနှင့်ပတ်သက်သော သတင်းများကို လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပေးနေသည်။

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required