PDFအဖွဲ့အစည်းများကြား ပဋိပက္ခများ ထိန်းညှိဖြေရှင်းရန် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ဖွဲ့စည်းထားဟု NUG ထုတ်ပြန်

By ရွှေနွယ်(မဇ္ဈိမ)
04 August 2023
PDFအဖွဲ့အစည်းများကြား ပဋိပက္ခများ ထိန်းညှိဖြေရှင်းရန် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ဖွဲ့စည်းထားဟု NUG ထုတ်ပြန်
ပုံအညွှန်း - တောင်ပိုင်းစစ်ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် သားများ(ဓာတ်ပုံ NUG-MOD)

ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများကြားရှိ ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင်စေရန် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ”ကို ဖွဲ့စည်းထားပြီးဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကော်မတီအား ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်တွင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး လူထု၏အသက်၊ ဘဝ၊ ပိုင်ဆိုင်မှုများအား ကာကွယ်ရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု၊ တာဝန်ခံမှုယန္တရားများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တိုင်ကြားမှုများဆိုင်ရာ ကော်မတီသည် တရားဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဘက်စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးနိုင်မှု အားကောင်းလာစေရန်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအကြားမှ ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင်စေရန်၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနှင့် တာဝန်ခံမှု ယန္တရားများ အားကောင်းလာစေ၍ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိနိုင်စေရန်နှင့် ကာကွယ်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသူများသည် သတ်မှတ်ထားသည့် ဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း စည်းစနစ်ကျနစွာ တာဝန်ထမ်းဆောင်စေရန်နှင့် သွေဖည်လွဲမှားပါကလည်း တာဝန်ယူမှုရှိစေရေး ထိန်းကျောင်းအပြစ်ပေး အရေးယူနိုင်စေရန် စသည့် အချက် လေးချက်အား ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“မြေပြင်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအတွက် ကောင်းတဲ့ဘက်ကို ဖော်ဆောင်ပြီး ကောင်းတာလုပ်ပေးရင်တော့ ကောင်းတယ်။ ကျွန်တော်တို့စောင့်ကြည့်ရဦးမယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ကောင်းမှသာလျှင် ကျွန်တော်တို့က လက်ခံနိုင်မယ်”ဟု မြင်းခြံမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအချင်းချင်းကြားထဲတွင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းမှာ မဖြစ်သင့်သည့် ကိစ္စရပ်များသာဖြစ်ပြီး လက်သင့်မခံနိုင်ကြောင်းနှင့် ဘုံရန်သူ စစ်အာဏာရှင်ကိုသာ ချေမှုန်းရမည်ဟုလည်း ၎င်းကပြောသည်။

လက်ရှိတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း၌ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် LPDF များကြား ပြသနာအချို့လည်း ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင်လည်း  မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်အစပ်တွင် မြင်းခြံခရိုင် PDF တပ်ရင်း(၅) MG-6 (မြင်းခြံ) တပ်ဖွဲ့နှင့် ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသမှ တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်စုံတရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly