နိုင်ငံတော်ကောင်စီ၊ နဝတနှင့် နအဖ ခေတ်တွင် ထိပ်ပိုင်းရာထူးယူခဲ့သူများ၏ ပင်စင်လစာ ပြင်ဆင်သတ်မှတ်

By 001 (မဇ္စျိမ)
04 August 2023
နိုင်ငံတော်ကောင်စီ၊ နဝတနှင့် နအဖ ခေတ်တွင် ထိပ်ပိုင်းရာထူးယူခဲ့သူများ၏ ပင်စင်လစာ ပြင်ဆင်သတ်မှတ်
ဓာတ်ပုံ- စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း

ယခင် နိုင်ငံတော်ကောင်စီ ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်တွင် ထိပ်ပိုင်းရာထူးရယူခဲ့သူများ၏ ပင်စင်လစာကို ယခုနှစ် ဧပြီလကစပြီး ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဇူလိုင်လအတွင်းထုတ်ဝေခဲ့သည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ပြောင်းလဲချက်မှာ ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီအထိ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် ပုဂ္ဂိုလ်ကြီးများနှင့် ကျန်ရစ်သူ ဇနီး၊ ခင်ပွန်းတို့၏ နိုင်ငံရေးလစဉ်ပင်စင်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း ပါရှိသည်။

ယင်းသတ်မှတ်ချက်အရ ထိုစဉ်က ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ တာဝန်ယူခဲ့သူများ၏ ပင်စင်လစာအဖြစ် ကျပ် ၁၅ သိန်း၊  ဒုဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဆိုပါက ကျပ် ၁၂ သိန်း၊ အတွင်းရေးမှူးဖြစ်ပါက ၇၁၂,၅၀၀ ကျပ် နှင့် အဖွဲ့ဝင်ဖြစ်ပါက ၆၇၅,၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။

မိသားစုပင်စင်ကိုမူ ဥက္ကဋ္ဌ၊ သမ္မတဖြစ်ပါက ကျပ် ၁၁ သိန်းကျော်၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတဖြစ်ပါက ကျပ် ၉၀၀,၀၀၀ ကျော်၊ အတွင်းရေးမှူးရာထူးအတွက် ကျပ်  ၅၃၀,၀၀၀ ကျော် နှင့် အဖွဲ့ဝင်အတွက် ကျပ် ၅၀၀,၀၀၀ ကျော် စသည်ဖြင့် ပြောင်းလဲသတ်မှတ်ထားသည်။

ထို့ပြင် စစ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ ပင်စင်လစာကို ကျပ် ၁၀ သိန်းမှ ကျပ် ၃၀၀,၀၀၀ ကျော်အတွင်း သတ်မှတ်ပြီး မိသားစုပင်စင်ကို ကျပ် ၇၅၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ကျော်အတွင်း ပြင်ဆင်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်ဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့သည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ နှင့် သမ္မတအဖြစ် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပြီး ၁၉၈၈ စက်တင်ဘာလတွင် ဗိုလ်ချုပ်ကြီး စောမောင်က ထပ်မံအာဏာသိမ်းကာ နဝတကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမောင် ဖယ်ရှားခံရပြီးနောက်ပိုင်း နဝတဥက္ကဋ္ဌအဖြစ် စစ်အာဏာရှင်ဟောင်းဖြစ်သည့် ဦးသန်းရွှေက ဆက်လက်တာဝန်ယူပြီး ၁၉၉၇ နိုဝင်ဘာတွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဦးသန်းရွှေသည် အာဏာရှင်စနစ်ဖြင့် ၁၉ နှစ်ကြာအုပ်ချုပ်ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် အငြိမ်းစားယူသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခု ပင်စင်လစာ ပြောင်းလဲသတ်မှတ်မှုမှာ ၂၀၀၆ ဧပြီလ မတိုင်မီ အငြိမ်းစားယူသူများဟုဆိုထားသည့်အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေပါဝင်ခြင်းမရှိပေ။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ပင်စင်လစာမှာ တစ်လလျှင် ကျပ်သိန်း ၁၀၀ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ်အတွင်းက သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

လက်ရှိပင်စင်လစာ ပြောင်းလဲသတ်မှတ်ခံရမှုတွင် အဆိုပါကာလများအတွင်းက ပြည်နယ်၊ တိုင်း နအဖ ကောင်စီဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်၊ ဒုတိယတရားသူကြီးချုပ်၊ တရားသူကြီးအဖွဲ့ဝင်၊ ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ ရန်ကုန်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် မန္တလေးမြို့တော်ဝန် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်။

၎င်းတို့၏ ပင်စင်လစာကိုမူ ကိုယ်တိုင်ပင်စင်အတွက် အမြင့်ဆုံးကျပ် ၆၀၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ ကျော်အထိလည်းကောင်း၊ မိသားစုပင်စင်အတွက် အမြင့်ဆုံးကျပ် ၄၅၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ကျော်အထိလည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရသည်။

လက်ရှိ စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်သည့် လစဉ်ပင်စင်ပေါ်တွင် ဝင်ငွေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်စေရမည်ဖြစ်ပြီး အဆိုပါ လစဉ်ပင်စင်အပြင် အခြားနိုင်ငံရေးပင်စင် တစ်ခုခုကို ခံစားနေသူဖြစ်ပါက ကြိုက်နှစ်သက်သည့် ပင်စင်တစ်ခုကို ရွေးချယ်ခံစားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် လစဉ်ပင်စင်ခံစားခွင့်ရှိသူအနေဖြင့် လစဉ်ပင်စင်အပြင် ဝန်ထမ်းပင်စင်နှင့် စွမ်းရည်သတ္တိဘွဲ့အတွက် ရရှိသည့် လစဉ်ချီးမြှင့်ငွေကိုပါ ခံစားခွင့်ရှိကြောင်း ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly