ပုလဲမြို့နယ် တနယ်ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

By လွှမ်းမိုး (မဇ္ဈိမ)
04 August 2023
ပုလဲမြို့နယ် တနယ်ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
ပုံအညွှန်း။     ။မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်နှင့်စစ်ရှောင်နေကြသည့် တနယ်ကျေးရွာဒေသခံများ(ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် တောင်ဘက်အခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၃ ရက်  နံနက် ၄ နာရီ အချိန်တွင် တနယ်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ရွာကို တစ်ရက် တပ်စွဲပြီး နောက်ရက်မနက် ထွက်ခါနီးလေးမှာ မီးရှို့သွားတာပါ။ ကျေးရွာ ခေါင်းဆောင်တွေဝင်ပြီး မီးငြိမ်းသတ်နိုင်ခဲ့လို့ ဆုံးရှုံးမှုတန်ဖိုးတော့ နည်းသွားတယ် ပြောရမှာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အင်အား ၁၂၀ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် အိမ်ခြေ ၃၈၀ ခန့် ရှိသည့် တနယ်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း‌ကြောင့် နေအိမ်ကိုးလုံး မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။

ယင်းအပြင် တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ ၃ရက်နေ့ ညနေပိုင်းအချိန်က ရွာအနောက်ဘက် ဆည်ဘောင်ပေါ်တွင် တွေ့ရှိထားကြောင်း ဒေသခံထံက သိရသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေခြင်းကြောင့် တနယ်၊ လှော်ကား ၊ ပန်းရွာ ၊ ကျောက်ကုန်း ၊ နွားကူး ၊ မွေ့တုံ ၊ မင်းရွာ ၊ ကိုင်းတွင်း၊ အင်းကန် ၊ စပါးစေ့ နှင့် မင်းတိုင်ပင် ကျေးရွာများမှ ဒေသခံ ဦးရေ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

“မိုးတွေကလည်း အဆက်မပြတ် ရွာနေတာဆိုတော့ နေရေးထိုင်ရေး အခက်အခဲ ဖြစ်နေတာပါ။ တချို့ကလည်း မိုးကာတဲလေးတွေ ထိုးနေကြတာ ၊ မိုးကာမရှိတဲ့ သူတွေကတော့ အခက်အခဲတော်တော်လေး ဖြစ်နေကြတာ။ အိမ်မွေး တိရစ္ဆာန်တွေ တစ်ချို့က ပစ်ထားခဲ့ကြရတာ ၊ သိုးအုပ်တွေတော့ တတ်နိုင်သမျှ မောင်းလာကြတယ်။ လူတွေရော အိမ်မွေးတိရစ္ဆာန်တွေပါ အခက်အခဲ ဖြစ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် တနယ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသုံးပြုနေသည့် ဆိုင်ကယ် ၁၂ စီးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေး ရဲဘော်များထံက သိရသည်။

ယင်းစစ်ကြောင်းသည် လက်ရှိအချိန်တွင် မင်းတိုင်ပင် ကျေးရွာသို့ရောက်ရှိကာ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးလျက်ရှိသည်ဟု သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required