စစ်​ကောင်စီ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတချို့ ​နေ​ရာ​ပြောင်း​ရွှေ့ခံရ

By 001 (မဇ္စျိမ)
03 August 2023
စစ်​ကောင်စီ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတချို့ ​နေ​ရာ​ပြောင်း​ရွှေ့ခံရ
စာအညွှန်း- ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ကောင်စီအဖွဲ့ကို ယမန်နေ့ကစပြီးအပြောင်းအလဲ ပြုလုပ်နေရာ လစ်လပ်သွားသည့် ဝန်ကြီးနေရာအချို့တွင် အစားထိုးခန့်အပ်မှုများနှင့် ပြည်ထောင်စုဝန်ကြီးနေရာ အပြောင်းအရွှေ့ထပ်မံပြုလုပ်မှုများကို စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ ဝန်ကြီးနေရာ အပြောင်းအလဲ ပြုလုပ်ခံရသည်ကို တွေ့ရသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာပြီး ယခင်က ပို့၊ဆက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။

ထို့အတူပင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)သို့ ပြောင်းရွှေ့ခံရသည်။

ယမန်နေ့က လစ်လပ်သွားသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးနေရာတွင် ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးနေရာတွင် ဦးကိုကိုလွင်၊ အလုပ်သမားဝန်ကြီးနေရာတွင် ဦးမြင့်နောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးနေရာတွင် ဦးတင်ဦးလွင်တို့ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် အနားပေးခံလိုက်ရသည့် ပြည်​ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးကိုခန့်အပ်ပြီး ဦးသာဌေး၏ နေရာတွင် ဦးအောင်ဇော်သိန်းကို အစားထိုးခန့်အပ်လိုက်သည်ကို တွေ့ရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်လာပြီး စာရင်းစစ်ချုပ်အဖြစ် ​ဒေါက်တာခင်နိုင်ဦး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦး​​ပေါ်လွင်စိန်၊
၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဟိုတယ်၊ ခရီးဝန်ကြီး ဦး​​အောင်​သော်တို့ ခန့်အပ်ခံရသည်။

ထို့ပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်အား လစ်လပ်သွားသည့် ဟိုတယ်နှင့် ခရီးဝန်ကြီးဖြစ်လာပြီး ဒေါ်သက်သက်ခိုင်၏ နေရာတွင် ဒေါက်တာစိုးဝင်းကို ခန့်အပ်လိုက်သည်ကို တွေ့ရသည်။

စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ ခြောက်လသက်တမ်းထပ်တိုးခဲ့ကာ ဩဂုတ်လ ၂ ရက်နေ့မှစကာ စစ်ကောင်စီအဖွဲ့ကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီဗိုလ်ချုပ်ကြီးတချို့ကို အပြောင်းအလဲပြုလုပ်ခြင်း၊ လစ်လပ်သွားသည့်နေရာများတွင် အစားထိုးခန့်အပ်ခြင်း၊ စစ်ကောင်စီရုံးနှင့် ဝန်ကြီးဌာနနှစ်ခုတွင် ဒုဝန်ကြီးအသစ်များခန့်အပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ပုဒ်မ ၄၁၉ တွင် နိုင်ငံတော် အာဏာလွှဲအပ်ခြင်းခံရသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေး အာဏာ ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့် ရှိသည်။

 တပ်မတော် ဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာကို မိမိကိုယ်တိုင်ဖြစ် စေ၊  မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်း၍ ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်သည်။​ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ ဖြစ်စေ၊  သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင်သည်ဟု ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly