ရွှေဘိုနယ်ကို စစ်တပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှပြည်သူများ ဘေးလွတ်ရာပြေးနေရ

By လွှမ်းမိုး (မဇ္ဈိမ)
31 July 2023
ရွှေဘိုနယ်ကို စစ်တပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှပြည်သူများ ဘေးလွတ်ရာပြေးနေရ
Photo - စစ်ဘေးရှောင်ပြည်သူများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာခုနစ်ရွာမှ ဒေသခံပြည်သူ ၉,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အင်အား ၈၀ ခန့်ရှိ‌သော စစ်ကြောင်းသည်  ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ဆိပ်ခွန်၊ စောင်တန်း၊ ဘိုတဲကုန်း၊ ထူးကြီး၊ တည်ပင်၊ နံသာနှင့် ပုဏ္ဏားကုန်း ကျေးရွာများကို ဇူလိုင်လ ၂၉ရက်မှစတင်ကာ ဝင်ရောက်လာခြင်းဟု သိရသည်။

“ကျမတို့ စစ်ရှောင်နေရတာ ဒီနေ့ရောဆို သုံးရက်မြောက်နေ့ ဖြစ်ပါတယ်။ ညတိုင်းဆိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်း ထုနေတော့ ဘေးလွတ်ရာကို ရှောင်နေရတာပါ။ ပြေးလာတော့လည်း ချက်စရာ၊ပြုတ်စရာ ဘာမှပါမလာတော့ စားရေးသောက်ရေး အခက်အခဲတွေတော့ ရှိနေတယ်” ဟု စစ်ဘေးရှောင်အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အထက်ပါ ကျေးရွာခုနှစ်ရွာမှ  ဒေသခံပြည်သူ ၉,၀၀၀ ကျော်သည် စစ်ကြောင်းနှင့်လွတ်အောင် ထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် လတ်တလော နေရေးနှင့်စားရေးအတွက် အခက်အခဲများ ရင်ဆိုင်နေကြရသည်။

" စစ်ကြောင်းဝင်လာလို့ ပြေးရတယ်ဗျာ။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအရမ်းဒုက္ခရောက်ကြရတယ်" ဟု စစ်ဘေးရှောင်အမျိုးသားတဦးကပြောသည်။

ဒေသခံပြည်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ဆောင်နေသူများဖြစ်သည်။ ယခုလို မိုးတွင်းကာလ စပါးစိုက်ချိန်တွင် စစ်ရှောင်နေရသောကြောင့် ရေရှည်အတွက် မိသားစု စားဝတ်နေရေးကိုပါ စိုးရိမ်နေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းတွင် ပျူစောထီးများလည်း ပါဝင်နေပြီး ယနေ့ ဇူလိုင် ၃၁ရက်နေ့လယ်အထိ ဆိပ်ခွန်ကျေးရွာတွင် တပ်စွဲထားသည်ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက ပြောသည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိသေးသော်လည်း ဇူလိုင် ၂၉ရက်က စစ်‌ကြောင်း
ထိုးဝင်ရောက်လာစဉ် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ကာကွယ်ရေးရဲဘော်တဦး ကျဆုံးခဲ့သည်ဟုရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း၌ ရွှေဘိုမြို့နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်၊ ဘုတလင်၊ ပုလဲ၊ ထီးချိုင့် မြို့နယ်တို့ကိုလည်း ရေ‌ကြောင်းရော၊ ကုန်းကြောင်းမှပါ စစ်ကြောင်းထိုးနေသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly