ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ  အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်

By မဇ္ဈိမ 
31 July 2023
ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ  အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA Centre)မှ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ကရင်နီစစ်ရှောင်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ၁၄၅၀ ကို (AHA Center ) က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PLNO) ကတစ်ဆင့် အကူအညီတွေ ထောက်ပံ့ပေးခဲ့တာပါ။

PNLO က ဇူလိုင် ၁၆ ရက်နေ့မှာ ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများမှာ AHA Centre ရဲ့  ပထမဆုံးအသုတ် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလဆန်းတုန်းက ဆီဆိုင်မြို့နယ်အတွင်း အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံ့ခဲ့ရတာကြောင့် AHA Centreရဲ့  အကူအညီပေးရေးအစီအစဉ် မအောင်မြင်မှုကို PNLO က ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

အာဆီယံသံအဖွဲ့ယာဉ်တန်း ဆီဆိုင်မြို့နယ်ထဲပစ်ခတ်ခံရတဲ့ အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်လို့ မသိရှိခဲ့ရဘဲ အပြန်အလှန်စွပ်စွဲမှုတွေနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ဟာ PNLO ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်အတွင်း လာရောက်ခိုလှုံနေတာပါ။

အခု စစ်ရှောင်ကူညီပေးရေးအစီအစဉ်ဟာ အပစ်ရပ်ဆဲလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအစုအဖွဲ့(PPST)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး၊ AHA Centre တို့နဲ့ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းချက်အရ PNLO က အကောင်အထည်ဖော်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ် ဆက်လက်ဆောင်ရွက်နေပါတယ်။

တဖက်မှာလည်း ကယားပြည်နယ် (ကရင်နီပြည်) ဒီမောဆိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ Karenni Nationalities Defense Force-KNDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေ ပိုမိုများပြားလာနေပြီး ပြီးခဲ့တဲ့ရက်အတွင်းကပဲ ထိုင်းဘက်ကို ထွက်ပြေးလာသူ စစ်ဘေးရှောင်ဦးရေ ၉၀၀၀ နီးပါး ရှိပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်က အင်အား ၁၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေပြီး လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဘက်ကို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

ဒါအပြင် ထိုင်းဘက်ကို ဝင်ခွင့်မရတာကြောင့် သံလွင်မြစ်ကြောင်းတလျောက်မှာ စစ်ဘေးရှောင် ၁၀၀၀ ကျော်လောက်လည်း ရှိနေပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly