မင်းတပ်မြို့အတွင်း ကင်းလှည့်သည့်ကားတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

By ပါခွီး (မဇ္စျိမ)
31 July 2023
မင်းတပ်မြို့အတွင်း ကင်းလှည့်သည့်ကားတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ကင်းလှည့်လာသည့်ကားကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားခုနစ်ဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ထုတ်ပြန်သည်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၊ သစ်တောဝိုင်းအနီးတွင် ဇူလိုင်လ ၃၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က ကင်းလှည့်လာသည့် စစ်သားနှင့် ရဲသားများပါသော ကားတစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်သားနဲ့ရဲ ခုနစ်ဦးသေတယ်။ ရဲအရာရှိက မျက်နှာမှာဒဏ်ရာရတယ်။ တခြားဒဏ်ရာရတဲ့သူတွေရော မင်းတပ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်” ဟု CDF – Mindat တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေအရ ကားနှင့် လက်နက်များကို သိမ်းဆည်းနိုင်ခြင်းမရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်က ဒဏ်ရာရလူနာများနှင့် အလောင်းများကို ကားဖြင့်ပြန်လည်သယ်ယူသွားကြောင်း CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ကလည်း မင်းတပ်မြို့အဝင် လေးမိုင်တပ်ကုန်းကို CDF – Mindat က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly