တော်လှန်ရေးအင်အားစုများ လမ်းမပေါ် အလှူခံခြင်းမပြုလုပ်ရန် ပအဖ သတိပေး

By ပါခွီး (မဇ္စျိမ)
30 July 2023
တော်လှန်ရေးအင်အားစုများ လမ်းမပေါ် အလှူခံခြင်းမပြုလုပ်ရန် ပအဖ သတိပေး

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား လမ်းမပေါ်အလှူခံခြင်း ၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(မြင်းမူမြို့နယ်) က ဇူလိုင်လ ၂၈ရက်တွင် ထုတ်ပြန်သည်။

မြင်းမူမြို့နယ်အတွင်း မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးအပါအဝင် ထီးဆောင်း - အရာတော်လမ်းပိုင်း အချို့နေရာများတွင် တော်လှန်ရေးအင်အားစုအချို့သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်မရှိဘဲ လမ်းမပေါ်တွင်အလှူခံခြင်း ၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်လာသည်ကို စီစစ်တွေ့ရှိရကြောင်း ဆိုသည်။

တော်လှန်ရေးအင်အားစုများ အနေဖြင့် လမ်းမပေါ်တွင် အလှူခံခြင်း ၊ ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီနှင့်မပတ်သက်သော ပစ္စည်းများအားသိမ်းဆည်းပြီး ငွေဖြင့်ပြန်လည်ရွေးခိုင်းခြင်းများ မပြုလုပ်ကြရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

“ကျနော်တို့ကတော့ ကြိုဆိုပါတယ် ။ အဲလိုငွေကောက်တာမျိုးက မလုပ်သင့်ဘူးလေ ။  ပြည်သူတွေ အမြင်မကြည်လင်လို့ မရဘူးဗျ ။  ကျနော်တို့ တော်လှန်ရေးလုပ်နေတာ ပြည်သူအတွက်ဆို ပြည်သူတွေကို မငြိုငြင်စေချင်ဘူး ။ နောက်ပြီး ကာကွယ်ရေးဝန်းကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းအောက် မြို့နယ် ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) COC လမ်းစဉ်အောက်မှာ အလုပ်လုပ်တာ ပိုပြီးတော့ကောင်းပါတယ်” ဟု အမည်မဖော်လိုသည့် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက မဇ္စျိမကိုပြောသည်။

ပြည်သူကျွေးတဲ့ထမင်းစားပြီး ပြည်သူအပေါ်မှာ မတရားလုပ်ခြင်းသည် မသင့်တော် ကြောင်းနှင့် မြို့နယ် ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)က ယခုကဲ့သို့ ထိန်းသိမ်းမည့်အပေါ် ၎င်းတို့အနေဖြင့် ထောက်ခံကြောင်းဆိုသည်။

တော်လှန်ရေးအချိန် ကြာလာသည့်အမျှ ပြည်သူလူထု၏ ယုံကြည်မှုကို ပိုမိုရရှိလာ အောင်စွမ်းဆောင်သင့်ပြီး ယုံကြည်မှုကင်းမဲ့သွားစေနိုင်သည့် အလုပ်မျိုး ရှောင်ရှားသင့်ကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

“ကျနော်တို့ လမ်းမှာကာကွယ်ရေးအဖွဲ့က လူငယ်လေးတွေကို ပေးရပါတယ် ။ တချို့နေရာမှာဆို စေတနာရှိသလောက်မဟုတ်ဘဲ ၅၀၀၀ မပေးမနေရပေးရတယ် ။ လမ်းတလျောက်ဆိုတော့ဗျာ တော်တော်ကုန်တယ်  ။ စကစ(စစ်ကောင်စီ) ဂိတ်တွေကိုလည်း ပေးရတယ် အခုလို ထိန်းသိမ်းနိုင်တယ်ဆိုရင် ကောင်းပါတယ်” ဟု မုံရွာ - မန္တလေး လမ်းပိုင်းကိုယ်ပိုင်ကားဖြင့် သွားလာသူတစ်ဦးက ပြောသည်။

ငွေကြေးတောင်းခံမှုသာမက မလိုအပ်သောစစ်ဆေးမှုများလည်း ကြာမြင့်စွာပြုလုပ်ပြီး မသင်္ကာသောစစ်ဆေးမေးမြန်းမှုများဖြင့်လည်း ကြုံတွေ့ခဲ့ရခြင်းများရှိကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဒေသ ကွပ်ကဲမှုကောက်ရှိ တော်လှန်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် ညွှန်ကြား ချက်မရှိဘဲ ဂိတ်စခန်းများဖွင့်လှစ်ခြင်း ၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် NUGက အမိန့်စာထုတ်ပြန်ထားကြောင်း သိရှိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required