လားရှိုးက တရုတ်စီးပွားရေးသမား အပါအဝင် လုပ်ငန်းရှင် ၃ ဦး ဖမ်းဆီးခံရ

By 007(မဇ္ဈိမ)
29 July 2023
လားရှိုးက တရုတ်စီးပွားရေးသမား အပါအဝင် လုပ်ငန်းရှင် ၃ ဦး ဖမ်းဆီးခံရ
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရသည့် လားရှို့မြို့မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က တရုတ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦး အပါအဝင် လုပ်ငန်းရှင်သုံးဦးနှင့် ယာဉ်မောင်း တစ်ဦးကို မန္တလေး- လားရှို့ကားလမ်း တစ်နေရာတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

၎င်းတို့သည် လားရှိုးမြို့မှ မန္တလေးမြို့သို့ ကားမောင်းထွက်လာစဉ် ကားလမ်းတစ်နေရာ၌ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

“ကုန်မာပစ္စည်းရောင်း၀ယ်ရေး လုပ်ငန်းရှင်သုံးယောက်နဲ့ သူတို့ရဲ့ကားသမားတစ်ယောက်၊ စုစုပေါင်းလေးယောက် ဖမ်းဆီးခံရတယ်၊ မန္တလေးသွားတဲ့လမ်းမှာ လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းသွားတယ်လို့ပဲ သိထားကြတယ်၊ ပြန်ပေးဆွဲခံရတာလိုလို ဘာလိုလို သတင်းလည်း ထွက်နေတယ်” ဟု လားရှိုးမြို့သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူ လေးဦးမှာ သွပ်ပြားစက်ရုံပိုင်ရှင် ဦးကျော်ဝင်း၊ ကုန်မာဆိုင်ပိုင်ရှင် ဦးမွတ္တား၊ ကုန်တိုက်ပိုင်ရှင်လည်းဖြစ် တရုတ်စီးပွားရေး လုပ်ငန်းရှင် (အမည်စုံစမ်းဆဲ) နှင့် ၎င်းတို့၏ ယာဉ်မောင်းတို့ ဖြစ်ကြသည်။

“အိမ်ကနေထွက်ပြီး တစ်နာရီလောက်အထိ အဆက်အသွယ်ရသေးတယ်၊ နောက်ပိုင်းမရတော့ဘူး၊ နောက်တော့ ဦးမွတ္တားတို့ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့သတင်း သူ့မိသားစုဆီကနေသိရတယ်” ဟု ဖြစ်စဉ်သိရှိသည့်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ လုပ်ငန်းရှင် သုံးဦးနှင့် ယာဉ်မောင်းတစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင် သွားသည်ကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့တို့တွင် ခိုးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly