မတူပီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်ကို CDF ဖမ်းဆီး

By ပါခွီး (မဇ္စျိမ)
28 July 2023
မတူပီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်ကို CDF ဖမ်းဆီး

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ မတူပီ - ဟားခါးလမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးကို စစ်ဆင်ရေးပြုလုပ်၍ ဖမ်းဆီးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ယမန်နေ့ ဇူလိုင်လ ၂၇ရက်တွင်ထုတ်ပြန်သည်။

မတူပီမြို့နယ် ၊ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင်ရုံးအကြား၌ ဇူလိုင်လ ၂၆ရက် ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးရမိသူမှာ မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချမ်းမြေ့အောင် (ကိုယ်ပိုင်အမှတ် - လ - ၂၃၁×××) ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ ခြောက်လုံးပြူး တစ်လက် ၊ လက်ပစ်ဗုံး နှစ်လုံး ၊ ကျည်ဆန် ၅၈ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့ သူ့ကိုစစ်ဆေးနေဆဲဖြစ်ပါတယ် ၊ စစ်ဆေးပြီးမှ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကို ပြန်လည်အသိပေးသွားပါ့မယ်” ဟု CDF – Matupi မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ပြောသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးပြီး ၎င်းကျူးလွန်သည့် ပြစ်မှုအတိုင်း တရားသဖြင့် စီရင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုဖမ်းဆီးရမိသောနေရာသည် မတူမီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ စိုးမိုးထားသော နယ်မြေဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့(စစ်ကောင်စီလက်‌အောက်ခံများ)ကို နေရာမရွေး တိုက်ခိုက်နိုင်ကြောင်း သိစေလိုသောကြောင့် စစ်ဆင်ရေးတစ်ရပ်အဖြစ် ပြုလုပ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဇူလိုင်လ ၁၀ရက်နေ့က  CDF – Matupi တပ်ဖွဲ့ ၏ ဦးဆောင်မှုဖြင့် ဒေါက်တာ အေးငြိမ်းသူနှင့်အတူ ဒုတိယအကြိမ်မြောက် အခြေခံဆေးသင်တန်းကို အောင်မြင် စွာပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

မတူပီမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းလာသဖြင့် ပြည်သူနှင့် တပ်ဖွဲဝင်များ အခက်အခဲများ ကြုံတွေ့နေရပြီး အသက်မဆုံးရှုံးသင့်သော အခြေအနေများတွင် အသက်ပေးရသော အခြေအနေမျိုးလည်း ကြုံတွေ့နေရကြောင်း ဆိုသည်။

အဆိုပါ အခြေခံဆေးဝါးသင်တန်းကို သင်တန်းသား ၂၇ဦး တက်ရောက်ကြပြီး ရက် ၂၀ကြာ ပို့ချခဲ့ကြောင်းနှင့် ဆေးဝါးအခက်အခဲများ ရှိသဖြင့် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် CDF – Matupi က မေတ္တာရပ်ခံထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာတည်း ။    ။သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly