မြန်မာနယ်စပ် အိန္ဒိယ၊ မိုရေးမြို့တွင် မီးရှို့မှုများ၊ ပစ်ခတ်မှုများနှင့်အတူ မငြိမ်မသက်ဖြစ်

By The Times of India
27 July 2023
မြန်မာနယ်စပ် အိန္ဒိယ၊ မိုရေးမြို့တွင် မီးရှို့မှုများ၊ ပစ်ခတ်မှုများနှင့်အတူ မငြိမ်မသက်ဖြစ်
Photo-AFP

အိန္ဒိယ-မြန်မာ နယ်စပ်၊ မဏိပူရ်ပြည်နယ်၏ မိုရေးမြို့တွင် လက်နက်ကိုင်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပြင်းထန်သည့် အပြန်အလှန် ထိပ်တိုက်တွေ့ ပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့ပြီး ယင်းမြို့သည် စစ်ဇုန်တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ မေလ ၃ ရက်က စတင်ပေါ်ပေါက်သည့် မဏိပူရ်ပြည်နယ်ရှိ လူမျိုးစုရေး ပဋိပက္ခနောက်ပိုင်း  လူသူစွန့်ပစ်ထားခဲ့သော နေအိမ်နှင့် ဈေးဆိုင်အလုံး ၃၀ ခန့်ကို ယမန်နေ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက လူအုပ်စုတစ်စုက မီးရှို့ခဲ့ကြသည်။

လူအုပ်ကြီးသည် ယမန်နေ့ မနက် ၉ နာရီ ခွဲခန့်တွင် မြို့တွင် စုဝေးခဲ့ကြပြီး ယင်းနောက် နှစ်နာရီခန့်အကြာတွင် နေရာသုံးခုတွင် အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ခံခဲ့ရကြောင်း လုံခြုံရေး သတင်းရင်းမြစ်များက ပြောသည်။

သစ်တောဌာနပိုင် ဧည့်ဂေဟာတစ်ခုလည်း တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့များက လူအုပ်ကြီးကို လူစုခွဲရန် ကြိုးပမ်းခဲ့ရာတွင် “မည်သည့်အဖွဲ့မှန်း မသိရသော လက်နက်ကိုင်အဖွဲ့များ” နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံးတွင် လူအုပ်စုသည် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် လူစုကွဲသွားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရိုးရာ သစ်သား ခြေတံရှည်အိမ်များ၊ နယ်စပ် ဟိုတယ်များနှင့် စတိုးများ ရှိသည့် မိုရေးမြို့သည် မဏိပူရ်ပြည်နယ်၏ မြို့တော် အင်ဖာမြို့၏ အရှေ့တောင်ဘက် ၁၂၀ ကီလိုမီတာခန့်တွင် တည်ရှိသည်။

အင်ဖာမြို့ရှိ လူစုဝေးပွဲတစ်ခု၌ ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန် ဆင်းဂ်က မိန့်ခွန်းပြောရာတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများသည် ပြည်နယ်၌ လူအစုအဖွဲ့များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို နှောင့်ယှက်ရန် ကြိုးပမ်းနေသည့် လူစုများကြောင့် ဖြစ်ကြောင်း ပြစ်တင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required