အိန္ဒိယဘက်မှ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ပြန်မပို့နိုင်သေး

အိန္ဒိယဘက်မှ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ပြန်မပို့နိုင်သေး
Photo-EPA

ကလေး ၃၀၁ ဦးအပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို ပြန်ပို့ရေးအတွက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက နယ်စပ်လုံခြုံရေးကွပ်ကဲရသော Assam Rifles တပ်သို့ တိုက်တွန်းပြီးနောက်တစ်နေ့တွင် အဆိုပါ “တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ”အား မြန်မာနိုင်ငံဆီ ပြန်မပို့ရသေးကြောင်း တာဝန်ရှိသူတစ်ဦးက အင်္ဂလိပ်လို ထုတ်ဝေသော The Hindu နေ့စဉ်သတင်းစာသို့ အင်္ဂါနေ့က ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားဆဲ ပဋိပက္ခများမှ  ဇူလိုင် ၂၂ နှင့် ၂၃ ရက်တွင် ထွက်ပြေးလာကြသော အဆိုပါ မြန်မာနိုင်ငံသားများက မဏိပူရ်တွင် ဒုက္ခသည်အဖြစ် ခိုလှုံရန် ကြိုးစားကြပြီး တစ်ဦးတစ်ယောက်ကမျှ လက်နက်ကိုင် မဟုတ်ပေ။

နယ်စပ်တစ်လျှောက် နေရာအသီးသီးမှ ယင်း ရွှေ့ပြောင်းဝင်ရောက်သူများ ရောက်ရှိလာခြင်း ဖြစ်ပြီး လက်ရှိတွင် Assam Rifles က ဂရုစိုက်စောင့်ကြည့်နေသည်။

ဒေသခံများကလည်း ၎င်းတို့ကို အစားအစာနှင့် အခြား လိုအပ်ပစ္စည်းများ ပေးကမ်းကြသည်။

ချင်းပြည်နယ်တွင် မြန်မာစစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပြည်သူ့ကာကွယ်ရေးတပ်( PDF )တို့ကြား ရှည်ကြာသော တိုက်ပွဲများကြောင့် အိန္ဒိယသို့ ၎င်းတို့က ဝင်ရောက်ခိုလှုံကြခြင်း ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာကြားတွင် နယ်စပ်တစ်ဖက်တစ်ချက်စီ၏ ၁၆ ကီလိုမီတာအတွင်း လွတ်လပ်စွာ သွားလာခွင့် (free-movement regime FMR) ရှိထားသည်။

အိန္ဒိယက မြန်မာနိုင်ငံသားများကို ဗီဇာမပါဘဲ ၇၂ နာရီ နေခွင့်ပြုသော်လည်း မြန်မာဘက်ကမူ ၂၄ နာရီသာ နေခွင့်ပြုသည်။ COVID-19 ကပ်ဘေးကြောင့် မဏိပူရ်အစိုးရသည် ၂၀၂၀ အတွင်းက FMR ကို ရပ်ဆိုင်းခဲ့သည်။

“အိန္ဒိယပြည်နယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာ ဗီဇာနှင့် ခရီးသွားအထောက်အထား မပါသော မြန်မာနိုင်ငံသားများ မဏိပူရ်သို့ ဝင်ရောက်ခြင်းကို တားဆီးရေးအတွက် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်ရန် Assam Rifles ကို ပြည်နယ်အစိုးရက ညွှန်ကြားကြောင်း” ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အိန္ဒိယနှင့် မြန်မာသည် စည်းရိုးမရှိဘဲ နယ်စပ် ၁,၆၄၃ ကီလိုမီတာ ထိစပ်လျက် ရှိသည်။ လုံခြုံရေးစိုးရိမ်ပူပန်မှုအား ဖြေရှင်းရေးအတွက် အိန္ဒိယအစိုးရက နယ်စပ်တစ်ခုလုံး စည်းရိုးကာရန် ကြေညာခဲ့ပြီး အချို့နေရာများတွင် ကာရံထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစကာ ဒုက္ခသည်များ စီးဝင်မှု သိသိသာသာ မြင့်တက်ပြီး မီဇိုရမ်တွင် ၄၀,၀၀၀ ကျော်နှင့် မဏိပူရ်တွင် ၄,၀၀၀ ဝန်းကျင် ခိုလှုံဝင်ရောက်ခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required