မြင်းမူမြို့နယ်တွင် လမ်းပေါ်တက်ငွေတောင်းသည့်စစ်တပ် ပစ်ခတ်ခံရ ၂ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
27 July 2023
မြင်းမူမြို့နယ်တွင် လမ်းပေါ်တက်ငွေတောင်းသည့်စစ်တပ် ပစ်ခတ်ခံရ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် ခရီးသွားပြည်သူများကို စစ်ဆေးပြီးငွေတောင်းခံနေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးသွားကြောင်း Black Eagle Defence Force (MMU) က ဇူလိုင်လ ၂၇ရက် ယနေ့တွင်ထုတ်ပြန်သည်။

မြောင်လမ်းခွဲတွင် အထိုင်ချထားသည့် စခန်းမှ စစ်ကောင်စီတပ်သား ရှစ်ဦးခန့်သည် လမ်းပေါ်သို့ထွက်နေချိန် ဇူလိုင်လ ၂၅ရက် နေ့လယ် ၁နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ နာရီဝက်လောက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ် ၊ ပြည်သူ့ကားတွေကို ကာဗာလုပ်တာရယ်၊ အထိုင်စခန်းနဲ့ နီးနေတဲ့အတွက် ပြန်ဆုတ်လာခဲ့ရတယ်” ဟု Black Eagle Defence Force အဖွဲ့ တာဝန်ခံ ဗိုလ်စံရှား က မဇ္စျိမ ကို ပြောသည်။

တိုက်ခိုက်မှု မိနစ် ၃၀အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်းနှင့် လမ်းပေါ်တွင်ဖြတ်သန်းသည့် ပြည်သူ့ကားများကို ရပ်တန့်၍ အကာကွယ်အဖြစ် အသုံးပြုသည့်အတွက် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့်အတူ T.R.G People Defense Force , T.R.G Women Drone Force နှင့် ကျောက်ဆည်ခရိုင် တပ်ရင်း (၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ခန့်ဖြင့် အထိုင်ချထားပြီး လမ်းသွားပြည်သူများကို စစ်ဆေးခြင်းနှင့် ဒေသတွင်းကျေးရွာများကို စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၇ရက်ယနေ့တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲ အထိုင်စခန်းမှ အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် မြင်းမူမြို့နယ် လက္ကပင်ရွာကို လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required