အကျပ်အတည်း ဖြေရှင်းရန် အာဆီယံနိုင်ငံများ မြန်မာနှင့် အလွတ်သဘော သီးခြားစီ ဆက်ဆံသင့်ဟု မလေးရှားခေါင်းဆောင် ပြော

အကျပ်အတည်း ဖြေရှင်းရန် အာဆီယံနိုင်ငံများ မြန်မာနှင့် အလွတ်သဘော သီးခြားစီ ဆက်ဆံသင့်ဟု မလေးရှားခေါင်းဆောင် ပြော
Photo-AFP

ပိုမိုနက်ရှိုင်းလာသည့် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများနှင့် မြန်မာစစ်ကောင်စီအကြား အလွတ်သဘော သီးခြားစီ ဆက်ဆံမှုကို ခွင့်ပြုသင့်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက် စတင်ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုကို အဆုံးသတ်စေရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အခန်းကဏ္ဍကို အားကောင်းစေရေး လုပ်ဆောင်ရန် လိုအပ်ကြောင်းကို နိုင်ငံသို့ အလည်အပတ် ရောက်လာသည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် ဆွေးနွေးမှုအတွင်း သဘောတူခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောသည်။

တစ်ချိန်တည်းမှာပင် မြန်မာစစ်ကောင်စီနှင့် အလွတ်သဘောအားဖြင့် ဆက်ဆံဆွေးနွေးစေရန် မြန်မာ၏ အိမ်နီးချင်းနိုင်ငံများကို “ပြောင်းလွယ်ပြင်လွယ် ရှိမှု၊ လွတ်လပ်မှု” တချို့ ပေးသင့်ကြောင်း အန်ဝါက ပြောသည်။ သို့သော် ထိုသို့ ဆက်ဆံရာတွင် အထူးသဖြင့် မွတ်စလင် ရိုဟင်ဂျာ လူနည်းစုနှင့် အခြားသူများအပါအဝင် လူနည်းစုများအပေါ် ဆက်ဆံမှုနှင့် လူ့အခွင့်အရေး အရေးကိစ္စတို့ကို ပစ်ပယ်ထားခြင်းမျိုး မရှိစေရန် လိုကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်က သဘောတူထားသည့် အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်နှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်ကောင်စီဘက်က ငြင်းဆန်နေမှုအပေါ် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံတချို့က စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုသည် အာဆီယံအဆင့်မြင့် အစည်းအဝေးများ၌ မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။

ထိုင်းနိုင်ငံကမူ မြန်မာစစ်ကောင်စီနှင့် အလွတ်သဘော သီးခြား ဆက်ဆံမှု လမ်းကြောင်းကို လုပ်ဆောင်ထားသည်။

ဗုဒ္ဓဟူးနေ့က အန်ဝါနှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်က မြန်မာကို အမည်တပ် ပြောဆိုခြင်းတော့ မရှိပေ။ သို့သော် ပြဿနာများကို ဖြေရှင်းရန် နိုင်ငံများအနေဖြင့် နှစ်ဦးနှစ်ဖက် ပါဝင်သော လမ်းကြောင်းကို အသုံးပြုသင့်ကြောင်း ၎င်းက သဘောတူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required