မြန်မာမှ ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ရုရှ ရရှိနေ

By Militarnyi
27 July 2023
မြန်မာမှ ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ရုရှ ရရှိနေ
Photo-AFP

ရုရှစစ်တပ်အတွင်း ကိုင်တွယ်အသုံးပြုနေသော မြန်မာမှ ထုတ်လုပ်သည့် အမြောက်ဆန်တစ်ခုကို စိစစ်တွေ့ရှိထားကြောင်း Militarnyi ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

ယူကရိန်း လက်နက် ခြေရာခံသူများအဖွဲ့မှ သုတေသီများက ဓာတ်ပုံများကို ထုတ်ပြလာပြီး မြန်မာမှ 120mm မော်တာကျည်များကို ရုရှက အသုံးပြုနေသည်ဟု ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အမြောက်ဆန်ပေါ်မှ အမှတ်အသား တော်တော်များများကို ဖျက်ထားသော်လည်း ဒလက်ပုံစံ၊ ကြွင်းကျန်သည့် အမှတ်အသားနှင့် စနက်တံတို့အရ 120ER မော်တာကျည်များ ဖြစ်သည်ဟု ခွဲခြားသတ်မှတ်နိုင်ခြေ ရှိထားသည်။

ယခင်က မြန်မာမှ ရုရှထံ လက်နက်ခဲယမ်း ထောက်ပံ့မှု သတင်း ကြားသိရခြင်း မရှိခဲ့သေးပေ။

သို့ရာတွင် ရုရှသံတမန်များသည် မြန်မာနှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန် အဆက်မပြတ် ကြိုးပမ်းလျက် ရှိနေခြင်း ဖြစ်သည်။

၂၀၂၃ ဖေဖော်ဝါရီလအတွင်း မြန်မာစစ်ကောင်စီနှင့် ရုရှတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို စိုးရိမ်ပူပန်ကြောင်း အမေရိကန်က ဖော်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်း၌ အာဏာသိမ်းပြီးနောက် စစ်တပ်အာဏာသိမ်းထားရာ မြန်မာနိုင်ငံသည် ရုရှနှင့် နျူကလီးယားနှင့် စစ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ရုတ်ခြည်းချဲ့ထွင်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာတွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရှေ့စီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံငယ် စီမံကိန်းအကောင်အထည် ဖော်မှုအပါအဝင် နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံတစ်ရပ်ကို သဘောတူခဲ့သည်။

ထိုပြင် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ဗိုလ်မှူးကြီး အလက်ဇိုင်း ကင် ဦးဆောင်သော အကြီးတန်းစစ်အရာရှိ တစ်ဒါဇင်ခန့် ပါဝင်သည့် ရုရှကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ထိုသို့ လာရောက်လာ၌ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ရှေ့ရှုကြောင်း မြန်မာနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

“မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ ရက်စက်ယုတ်မာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့်” မြန်မာစစ်တပ်အား ရုရှက စစ်လက်နက်များ ထောက်ပံ့ကြောင်း ယုံကြည်ရသည့် သတင်းတော်တော်များများက ဖော်ပြထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဆိုထားဖူးသည်။

၂၀၂၂ မြန်မာလေတပ်သည် ရုရှထုတ် Su-30SME တိုက်လေယာဉ်နှစ်စင်းကို ပထမဆုံး လက်ခံရရှိကြောင်း သိမြင်လာရပြီး ယင်းကြောင့် မြန်မာသည် Su-30SM တိုက်လေယာဉ်၏ ပြည်ပတင်ပို့သည့် မော်ဒယ်ဖြစ်သော Su-30SME တိုက်လေယာဉ်များကို ပထမဆုံး ဝယ်ယူသူနှင့် လက်ခံရသည့် နိုင်ငံ ဖြစ်လာခဲ့သည်။

ရုရှနိုင်ငံပိုင်ကာကွယ်ရေးလုပ်ငန်းကလည်း စစ်လက်နက်နှင့် ဒုံးလက်နက်များအတွက် အိန္ဒိယနှင့် မြန်မာဆီ အစောပိုင်းက ရောင်းချထားသော စစ်လက်နက်ပစ္စည်း အစိတ်အပိုင်းများကို ပြန်လည်ဝယ်ယူထားကြောင်းလည်း သတင်းများက ဖော်ပြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required