KNU တပ်မဟာ(၃)နှင့် KNLA ၊ PDF ကျောက်ကြီးအမည်ဖြင့် သတင်းအမှားဖြန့်ဝေပြီး အလှူငွေကောက်ခံနေ

By JC (မဇ္ဈိမ)
26 July 2023
KNU တပ်မဟာ(၃)နှင့် KNLA ၊ PDF ကျောက်ကြီးအမည်ဖြင့် သတင်းအမှားဖြန့်ဝေပြီး အလှူငွေကောက်ခံနေ

KNU တပ်မဟာ(၃) တပ်ရင်း(၉)နှင့် KNLA ၊ PDF ကျောက်ကြီးအမည်ဖြင့် ဖေ့စ်ဘုတ်ပေ့ချ် များဖွင့်ကာ တပ်မဟာ(၃)နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှသတင်းများအဖြစ် လွဲမှားဖော် ပြပြီး သတင်းအမှားများဖြန့်ဝေကာ အလှူငွေကောက်ခံခြင်းများ ရှိနေသည်။

“KNU Brigade 3- Army 9 - 1035” အမည်ရှိပေ့ချ်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် “KNLA / PDF kyaukkyi -ကျောက်ကြီး ရင်း ၉ - ၁၀၃၅” အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအမည်သို့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောင်းလဲခဲ့သည်။ ယခုအခါ ထိုပေ့ချ်ကို ကြိုက်နှစ်သက်သူ ၁၇,၀၀၀ ရှိပြီး စောင့် ကြည့်ရန်စာရင်းပေးထားသူ ၂၉,၀၀၀ ရှိသည်။ 

အလားတူ “ KNLA – PDF Kyaukkyi News” အမည်ဖြင့်ပေ့ချ်သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပြီး စောင့်ကြည့်ရန် စာရင်းပေးထားသူ ၉၀၀ ကျော်ရှိသည်။

မဇ္ဈိမအချက်အလက်စစ်ဆေးသူများမှ ထိုပေ့ချ်နှစ်ခုအားစိစစ်ခဲ့ရာတွင် ထိုပေ့ချ်များမှ လွဲမှားသည့် ဖြစ်စဉ် များကိုဖော်ပြလေ့ရှိပြီး အလှူငွေများလည်း ကောက်ခံလေ့ရှိကြောင်း တွေ့ရသည်။

“ KNLA – PDF Kyaukkyi News” ပေ့ချ်မှ ဇူလိုင်လ ၂၄ ရက်နေ့တွင် “အကြမ်းဖက်စစ်ကောင်စီတပ်၏ အရပ်သား အပြစ်မဲ့ကျေးရွာလူထုအပေါ် ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု ကြောင့် တအိမ်ထဲမိသားစုဝင် ၄ ဦးသေ”ဟု ဆိုကာ ပဲခူးတိုင်း ကျောက်တံခါးမြို့၊ သမင်အင်ကုန်းရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သဖြင့် မိသားစုဝင်လေးဦးသေဆုံးခဲ့ရကြောင်း ဓါတ်ပုံလေးပုံဖြင့် ဖြန့်ဝေထားသည်။ ထိုပို့စ်ကို “KNU Brigade 3-Army 9 - 1035” ပေ့ချ်မှလည်း ထပ်ဆင့်ဖြန့်ဝေထားသည်။

အဆိုပါသတင်းတွင်ဖော်ပြထားသည့်ပုံများထဲမှ လူသေဆုံးနေသည့် ပုံသည် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ ညောင်ကန်ကျေးရွာတွင် အသက်ခုနစ်နှစ် အရွယ်ကလေးငယ် နှစ်ဦး၊ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ညောင်ကန်ကျေးရွာနှင့်ခုနစ်မိုင်အကွာ အမ်းမြို့ တွင်ရှိသည့် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်စဉ်မှပုံဖြစ် သည်။ 
ထိုအကြောင်းကို ရခိုင်အခြေစိုက်သတင်းမီဒီယာတခုဖြစ်သည့် Narinjara မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က သတင်းဖော်ပြထားသည်။ သေဆုံးသူများသည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင် ကုန်းကျေးရွာမှ မိသားစုများမဟုတ်ပေ။ လင့်- t.ly/w_1WD
ပျက်စီးနေသည့် အိမ်ပုံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ် ရှိကျေးရွာများအား စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်များပျက်စီးခဲ့ကြောင်း ဒေသတွင်း မီဒီယာတခုဖြစ်သည့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းဖော်ပြထားသည်။ လင့် - t.ly/xHfqk

အလားတူ လက်နက်ကြီးထိမှန်သည့် အိမ်ပုံသည် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်မှ နေအိမ်ပျက်စီးသည့်ပုံမဟုတ်ဘဲ ၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာ တရွာ၌ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်၏ ဓါတ်ပုံဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်) မှဖော်ပြထားသည်။
လင့်- t.ly/oov0H 

“ KNLA – PDF Kyaukkyi News”  ပေ့ချ်မှဖော်ပြထားသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါး ပ.က.ဖ အားမေးမြန်းရာတွင် ကျောက်တံခါးမြို့၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ နေစဉ်နီးပါးပစ်ခတ်လေ့ ရှိသော်လည်း ထိုပေ့ချ်နှစ်ခုမှ ဖော်ပြနေသည့်အကြောင်းအရာများသည် မှားယွင်းနေပြီး လိမ်ညာအလှုခံ နေကြောင်း ပြောသည်။
“KNU-PDF page အတုက အခြားတိုင်းကပုံတွေနဲ့ဂွင်ဆင်ပြီး လိမ်ညာအလှူခံနေတဲ့ ပေ့ခ်ျပါ။ အဲ့ဒီပေ့ချ် အတုက ပေါက်ကရသတင်းတွေ၊ တော်တော်ခက်တယ်၊ ပြည်သူကို လိမ်ညာအလှူခံစားတဲ့ပေ့ချ်အတုက ပေါက်ကရတွေ လျှောက်တင်နေတာ” ဟု ကျောက်တံခါး မြို့နယ် ပ.က.ဖ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထို့ပေ့ချ်နှစ်ခုနှင့်ပတ်သက်၍ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အားမေးမြန်းရာတွင် “တပ်မဟာ(၃) ရင်း (၉) KNU အဖွဲ့အစည်းမှာ ဘာပေ့ချ်မှမရှိ၊ PDF နဲ့ ပူးပေါင်းထောင်ထားတဲ့ပေ့ချ်လည်း မရှိပါဘူး။ တပ်မဟာ (၃) ဖြစ်စဥ်အားလုံးကို KNU ဗဟိုကပဲ ထုတ်ပြန်တာများတယ်” ဟု စာဖြင့် ပြန်လည် အကြောင်းပြန်သည်။

ထို့ပြင် ထိုပေ့ချ်အတုများမှတဆင့် အလှူငွေထည့်ဝင်သူများလည်းရှိနေပြီး အလှူခံဖြတ်ပိုင်းတွင် “ပဒိုစော ကျော် လဒ ၁၀၃၅” ဟု ပါရှိသည်။
KNLA တပ်မဟာ(၃) တပ်ရင်း(၉)တွင် “ပဒိုစောကျော်” ဟူသောအမည်ဖြင့် တပ်ခွဲမှူးမရှိကြောင်းနှင့် “ပဒို” ဟူသောအသုံးအနှုန်းသည် KNU အုပ်ချုပ်ရေးပိုင်းတွင်သာသုံးလေ့ရှိပြီး KNLA တွင် အမည်အရှေ့၌ “စော” ဟုသာ သုံးလေ့ရှိကြောင်း ရှင်းပြသည်။
ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေး ဖေ့စ်ဘုတ်ပေ့ချ်မှလည်း ထိုပေ့ချ်နှစ်ခုသည် ပေ့ချ်အတုများ ဖြစ်ပြီး လွဲမှားနေသည့်သတင်းများဖော်ပြလေ့ရှိပြီး အလှူငွေလည်း ကောက်ခံလေ့ရှိကြောင်း ဖော်ပြထား သည်။ လင့်- t.ly/uN-s5

ထို့ပြင် မဇ္ဈိမက KNU ဗဟိုပြန်ကြားရေးကို အဆိုပါ “KNU Brigade 3- Army 9 - 1035” ပေ့ချ်အကြောင်း မေးမြန်းရာတွင် ပေ့ချ်အတုဖြစ်ကြောင်း စာဖြင့်ပြန်လည်ဖြေကြားထားသည်။ 

ကျောက်တံခါးမြို့နယ်တွင် မြေပြင်အခြေအနေများအရ ဒေသကာကွယ်ရေးတပ်၊ KNLA ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်လေ့ရှိသဖြင့် ကျေးရွာပေါင်း ၇၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU မှ ထုတ်ပြန်ထားသည်။

ထို့ပြင် “စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအမည်ခံကာ Social Midea များပေါ်တွင် ပြည်သူလူထုများ၏ ငွေများအား လိမ်လည်ရယူမှုများရှိနေသောကြောင့် ကူညီထောက်ပံ့မှုများလုပ်ဆောင်ရာတွင် အထူးသတိ ပြုလုပ်ဆောင်ရန်” ဇူလိုင် ၁၈ ရက်နေ့တွင် မူးမြို့နယ်အတွင်းမှ နေအိမ် ၂၇ လုံး ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ သတင်းဖော်ပြချက်၌ KNU ဗဟိုမှ သတိပေးထားသည်။ လင့်- t.ly/hOZQO

ထို့ကြောင့် KNU Brigade 3- Army 9 - 1035” နှင့် “KNLA - PDF Kyaukky News” ပေ့ချ်များသည် မြေပြင် တွင် အမှန်တကယ်ဖြစ်နေသည့်ဖြစ်စဉ်များအား လွဲမှားစွာဖော်ပြနေပြီး သတင်းအမှားများဖြန့်ဝေနေသည့် ပေ့ချ်အတုများသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

#Misinformation_Buster
#Fake_News 
#KNU_Brigade_3
#Fake_Page

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly