ရာသီတုပ်ကွေးကြောင့် ယာဒိုဒေသခံများ ကျန်းမာရေးစောင့်ရှောက်မှု  အရေးပေါ်လိုအပ် ၊ လမ်းပိတ်ဆို့မှုများကြောင့် လိုအပ်ချက် များပြား

By YT  (မဇ္ဈိမ)
26 July 2023
ရာသီတုပ်ကွေးကြောင့် ယာဒိုဒေသခံများ ကျန်းမာရေးစောင့်ရှောက်မှု  အရေးပေါ်လိုအပ် ၊ လမ်းပိတ်ဆို့မှုများကြောင့် လိုအပ်ချက် များပြား

ကရင်- ကရင်နီ- ရှမ်း နယ်စပ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ယာဒိုဒေသက စစ်ဘေးရှောင်အများစုသည် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြပြီး  ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ဆေးဝါး၊ အမိုးအကာနှင့်  စားနပ်ရိက္ခာမလုံလောက်မှုများရှိနေသည့် အပြင် စစ်ကောင်စီက လမ်းများ ပိတ်ဆို့ထား၍ သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်ကာ စစ်ဘေးရှောင်များ ပိုမိုဒုက္ခရောက်နေကြကြောင်း   ဒေသတွင်း သတင်းရင်းမြစ်နှင့် စစ်ဘေးရှောင်ကူညီနေသူထံက သိရသည်။ 

" အခုတော့ တော်တော်များများ ရာသီတုပ်ကွေးမိနေကြတယ်။ မိုးကတော့ ပုံမှန်အနေအထားပါပဲ။ တောမှာဆိုတော့ အမိုးအကာ မလုံ၊ ခြင်ကိုက်ဖြုတ်ကိုက်နဲ့ ဆိုတော့ တုပ်ကွေးဖြစ်ကြတာပေါ့။ ကလေးတွေမှာ ပိုအဖြစ်များနေပါတယ်၊ လမ်းတွေလည်း ပိတ်ဆို့ထားတော့ ဆေးဝါးကုသဖို့ ဝယ်ရတာလည်း အခက်အခဲရှိတယ် " ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ယာဒိုဒေသသည်  တောင်ငူ- လိပ်သိုလ်-လွိုင်ကော်လမ်းကြောင်းမှ တစ်ဆင့် အဓိက ကုန်သယ်ယူရပြီး ထိုလမ်းကြောင်းကို စစ်ကောင်စီက လမ်းပိတ်ဆို့ စစ်ဆေးကာ ရိက္ခာသယ်ယူမှုများကို ကန့်သတ်ထားသည်။ ထို့ကြောင့် စစ်ဘေးရှောင်များအတွက် အခြေခံလိုအပ်ချက်များ ပိုမိုမြင့်တက်လာနေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူက ပြောသည်။ 

" ကားလမ်းပိတ်ထားတော့ ကူးလူးသွားလာဖို့ ခက်တာကတစ်ပိုင်း၊ စားဖို့အတွက်ဝယ်ဖို့ပြုဖို့ အတွက် ခဲခက်သလို၊ ဆေးကုသဖို့ ဆေးဝယ်ရတာအခက်အခဲရှိတာပေါ့။ ၁၀ရက်ကျော်လာပြီဆိုတော့ စုထားတာလည်း နည်းပါးလာပြီလေ" ဟု တပ်မဟာ (၂) သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်ကလည်း ဝါသောခိုကျေးရွာ ဒေသခံ စစ်ဘေးရှောင် အမျိုးသမီး ကိုယ်ဝန်ဆောင်တစ်ဦး တောထဲတွင် မီးဖွားနိုင်ခြင်းမရှိခဲ့၍ ကလေးငယ်သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ 

" အမျိုးသမီးက ပြေးရလွှားရနဲ့ အရမ်းပင်ပန်းထားတော့ ကလေးမမွေးနိုင်တော့တာပေါ့။ အပြင်ရောက်တော့ ကလေးလေးက သေနေပြီ" ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ယာဒိုဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ဝါဘမ်းခိုကျေးရွာ၊ လိုရာဒိုကျေးရွာ၊ ပရယ်စိုးကျေးရွာနှင့် တပ်ကုန်းကျေးရွာတို့မှ ဒေသခံ ဦးရေ၂,၀၀၀ ကျော်သည် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ကရင်နီနယ်စပ်ဘက်အခြမ်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဒေသအချို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ 

ယာဒိုဒေသမှ စစ်ဘေးရှောင်များသည် စစ်ဘေးရှောင်ရသည်မှာ ၁၅ ရက်ရှိပြီဖြစ်ပြီး တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေ၍ နေအိမ်သို့ မပြန်နိုင်သေးကြောင်းနှင့် နေအိမ်အများစုမှာ မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း  ဒေသခံများထံက သိရသည်။ 

ယာဒိုဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ၁၃ ရက်အတွင်း စစ်ကောင်စီက ယာဒိုဒေသအား လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) က ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly