သဲကုန်းမြို့တွင် စစ်အင်အားမလုံလောက်၍ ပျူသင်တန်းပေးနေ

By ရွှေနွယ်( မဇ္ဈိမ )
25 July 2023
သဲကုန်းမြို့တွင် စစ်အင်အားမလုံလောက်၍ ပျူသင်တန်းပေးနေ

စစ်ကောင်စီ၏ ခြေမြန်တပ်မဌာနချုပ် တပ်မ (၆၆) အခြေစိုက်ရာ ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ရန် စစ်အင်အားမလုံလောက်နေသဖြင့် ပျူစောထီးသင်တန်းပေးကာ အင်အားစုဆောင်းနေသည်ဟု သဲကုန်းမြို့ဒေသခံများနှင့် ပဲခူးတိုင်းအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ မဇ္ဈိမကိုပြောသည်။

သင်တန်းခေါ်ယူရာတွင် ပြည်သူ့စစ်သင်တန်းဟုသုံးနှုန်းကာ စနေ၊တနင်္ဂနွေနေ့များတွင် ခေါ်ယူနေခြင်းဖြစ်သည်ဟု သဲကုန်းမြို့ဒေသခံမှ မဇ္ဈိမကိုပြောသည်။

“နှစ်ကြိမ်လောက်တော့ရှိတော့မယ်ဗျ၊ ရက်တိုသင်တန်းပဲ။ တပ်မ (၆၆) လေယာဉ်ကွင်းထဲမှာ သင်တန်းပေးနေတာ။ လောလောဆယ်တော့ လူတိုင်းကို လက်နက်တပ်ပေးတာမျိုးမဟုတ်သေးဘူး၊ လိုအပ်ရင် တပ်ပေးမယ်၊ လူခေါ်သုံးမယ်လို့ ပြောထားတယ်ကြားတယ်။ သင်တန်းတက်တာကတော့ဗျာ ကြံ့ဖွံ့(ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ) တွေ၊ ကျွန်တော်တို့အခေါ်တော့ ပျူစောထီးခေါ်ကြတာပေါ့၊ သူတို့နဲ့ပေါင်းပြီး လုပ်စားနေတဲ့ သူတွေများတယ်” ဟု သဲကုန်းမြို့ဒေသခံက ပြောသည်။

ထိုသင်တန်းသို့ လက်ရှိအချိန်ထိ လူဦးရေ ၂၀ ဦးခန့် တက်ရောက်ထားပြီး ၎င်းတို့အနက်မှ နယ်မြေကျွမ်းကျင်သူများကို ပဲခူးရိုးမပေါ်နှင့် ပဲခူးရိုးမအစပ်တွင် စစ်ကြောင်းထိုးရာ၌ ခေါ်သုံးမည်ဟုသိရပြီး သင်တန်းတက်ရောက်ထားသူအချို့အား စစ်ကောင်စီတပ်၏ကားများပေါ်တွင် လိုက်ပါသွားလာနေသည်များကိုလည်း တွေ့ရှိရကြောင်း အဆိုပါဒေသခံမှပြောသည်။

ထိုသို့ လိုက်ပါနေသူအချို့ကိုမူ စစ်ယူနီဖောင်းနှင့် လက်နက်တပ်ဆင်ပေးထားသည်ကို တွေ့ရှိရကြောင်းနှင့် လက်နက်အမျိုးအစားအတိအကျကိုမူ ၎င်းအနေဖြင့် မသိရှိကြောင်းလည်း ဒေသခံမှပြောသည်။

"ဒါမျိုးက သူတို့ သာယာဝတီဘက်မှာလည်း ဆက်ပြီးလုပ်လာနိုင်တယ်ဗျ။ တပ်မ (၆၆) က အဓိက ကရင်နီဘက်ပို့ထားတော့ ပဲခူးအနောက်ခြမ်းမှာ သူတို့အင်အားများများစားစားမရှိဘူး။ လက်ရှိ ဒီမှာရှိနေတာတွေက ကျန်နေတဲ့ တပ်သားနည်းနည်းနဲ့ ပန်းတောင်း က.ပ.စ ဘက်က လာတဲ့ စစ်သားတွေကများတယ်။ ရိုးပေါ်မှာလည်း တိုက်ပွဲဖြစ်တာတွေရှိတော့ အင်အားမလုံလောက်လို့ ဒီလို ပျူသင်တန်းပေးပြီး အင်အားစုနေတဲ့သဘောပါ။ သဲကုန်းအပါအဝင် ပဲခူးအနောက်ခြမ်းက မြို့တွေမှာ ဒီလပိုင်းတွေအတွင်း တိုက်ခိုက်မှုတွေလည်းများတော့" ဟု ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခု၏ တာဝန်ရှိသူကပြောသည်။

ပဲခူးရိုးမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အခြေစိုက်ထားသည့်အတွက် စစ်ကောင်စီတပ်များသည် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနိုင်ရန် ကြိုးပမ်းမှုများလည်းရှိနေပြီး ပဲခူးရိုးမအစပ်ရှိ မြို့နယ်၊ ကျေးရွာများတွင်လည်း စစ်ကြောင်းထိုးခြင်းများရှိနေသည်ဟု ၎င်း၏ပြောဆိုချက်အရသိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်မြို့၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့နှင့် မင်းလှမြို့တို့တွင် ရိုးမအစပ်နေရာများ၌ တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မြို့တွင်းတိုက်ခိုက်မှုများပါ မကြာခဏ ပြုလုပ်လာသည့်အတွက် စစ်ကောင်စီတပ်အနေဖြင့် အင်အားမလုံလောက်နေသောကြောင့် ထို့ကဲ့သို့ ပြင်ပအင်အားများ စုဆောင်းနေခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းမှသုံးသပ်သည်။

တပ်မ (၆၆) သည် ပဲခူးတိုင်းပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အင်းမမြို့တွင် တည်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က သဲကုန်းမြို့နယ် ရုံးပင်တက်ကျေးရွာအုပ်စုမှ စစ်ကောင်စီတပ်၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သဲကုန်းမြို့နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသခဲ့ရသည်။

ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ကလည်း သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲအရာရှ်ိနှင့်အငြိမ်းစားရဲအရာရှိကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(Thaegon_PDF)က သေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး  တစ်ဦးဒဏ်ရာရသွားခဲ့သည်။

ယခု ဇူလိုင်လ တစ်လအတွင်းတွင် ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားနှင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသူ စုစုပေါင်း ၁၁ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရှိထားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၏ သတင်းထုတ်ပြန်ထားချက်များအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly