ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့်စစ်ကြောင်း တိုက်ခိုက်ခံရ၍ ၄ ရက်အတွင်း ၁၁ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
25 July 2023
ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့်စစ်ကြောင်း တိုက်ခိုက်ခံရ၍ ၄ ရက်အတွင်း ၁၁ ဦးသေဆုံး
Photo - CDF - Kanpetlet ရဲဘော်များ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် လေးရက်အတွင်း ၁၁ ဦးသေဆုံးခဲ့သည်ဟု CDF – Kanpetlet က ထုတ်ပြန်သည်။

မကွေးတိုင်းဘက်မှ ကျင်ဒွေးမြို့ဘက်သို့ရိက္ခာပို့ရန် စစ်ကြောင်းထိုးထွက်ခွာလာသည့် အင်အား ၃၀၀ ခန့် ပါစစ်ကြောင်းနှင့် CDF – Kanpetlet တို့အကြား ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းကို ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် မဆွာတွီနှင့် မောချောင်းကျေးရွာအကြား တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ဒဏ်ရာရသူရှိခဲ့ကြောင်း ဆိုသည်။

ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင်လည်း မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီး ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းတိုက်ပွဲ၌ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က မင်းဘူးခရိုင်တပ် ရင်း (၆) မှ ရဲဘော် တဦး၊ CDF – Kanpetlet မှ ရဲဘော်လေးဦး မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

နောက်ဆုံးရရှိထားသောသတင်းများအရ ကျင်ဒွေးသို့ ရိက္ခာပို့စစ်ကြောင်းသည် လှိုင်ဒုတ်ကျေးရွာသစ် အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ညအိပ်ခဲ့သည့်မဆွာတွီကျေးရွာတွင် ပြည်သူများ၏ ပစ္စည်းများကိုခိုးယူဖျက်ဆီးပြီး ခြိမ်းခြောက်စာများရေးသားခဲ့ကြောင်း CDF – Kanpetlet ခေါ်နှူးတပ်ရင်း က ဇူလိုင် ၂၅ ရက် ယနေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် ဘာသာရေးအဆောက်အဦများအတွင်း နေရာယူ သောက်စားမူးယစ်ခဲ့ကြ ကာ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ပြီး စာသင်ကျောင်းအတွင်းရှိ ကွန်ပျူတာ၊ မှတ်တမ်း ဖိုင်များနှင့် ကျောင်းပိုင်ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ကန်ပက်လက်မြို့ပေါ်မှ တပ်အပြောင်းအလဲလုပ်ပြီး ပြန်လည်ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ရှိအခြားစစ်ကြောင်းသည် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် လေယာဉ်ကွင်း အနီးတွင်ထိတွေ့မှုဖြစ်ပွားခဲ့ရာ CDF–Kanpetlet မှ ရဲဘော်တပ်ကွီး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly