ပဲခူးတိုင်းအစိုးရရုံးနှင့်ထွေအုပ်ရုံးကို  ပစ်ခတ်တိုက်ခိုက်

By ရွှေနွယ်( မဇ္ဈိမ )
25 July 2023
ပဲခူးတိုင်းအစိုးရရုံးနှင့်ထွေအုပ်ရုံးကို  ပစ်ခတ်တိုက်ခိုက်
ပုံစာ။   ။ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးရှိရာလမ်းပိုင်း။

ပဲခူးမြို့ရှိ တိုင်းအစိုးရရုံးနှင့် ထွေအုပ်ရုံးအား ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊စစ်ရေးဌာနတာဝန်ခံက မဇ္ဈိမသို့ပြောသည်။

ပဲခူးတိုင်းအစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

"ထွေအုပ်ရုံးဂိတ်ပေါက်နားမှာ ကျပြီးပေါက်ကွဲပါတယ်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို စုံစမ်းနေဆဲပါ" ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊စစ်ရေးဌာနတာဝန်ခံကပြောသည်။

ဗုံးပစ်လောင်ချာ(၄၀ မမ)ဖြင့် နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

"ညက ကိုးနာရီကျော်မှာ အသံကြားလိုက်တယ်။ ထွေအုပ်ရုံး အုတ်တံတိုင်းနားထိတယ်ပြောတယ်။ အခြားသေဆုံးတော့ အသံမကြားဘူးဗျ။ အဲ့ဒါဖြစ်လည်းပြီးရော သူတို့(စစ်ကောင်စီတပ်သား) ရောက်လာပြီး ကားတွေ၊ဆိုင်ကယ်တွေကို တားစစ်တာတွေဘာတွေလုပ်တယ်။ အဖမ်းခံလိုက်ရတာမျိုးတော့မကြားသေးဘူး” ဟု ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပဲခူးတိုင်းစစ်ဒေသခွဲလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဇူလိုင်လ ၂၃ရက်ညကလည်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၃၀)ကို ၁၀၇ မမ ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။  အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ၅ နှင့် Daik-U Defence Force (DDF) တို့ပူးပေါင်း၍ တိုက်ခိုက်ခြင်းဟု ပဲခူးတိုင်းစစ်ဒေသခွဲကဇူလိုင်လ ၂၄ ရက် နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly