နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဇူလိုင် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    နေပြည်တော် PDF များကိုလက်နက်ကြီးတပ်ဆင်ပေးရန်အတွက် “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့” သိန်း ၁သောင်း ကမ်ပိန်းကို စတင်ပါဝင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
•    ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် ကျဆုံးခဲ့ရသည့် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် စစ်အာဏာရှင် တော်လှန်ရေး ခရီးအဆုံးအထိ ချီတက်မည်ဖြစ်ကြောင်း နိုင်ငံ တော် ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ ဗဟိုဘဏ်က စည်းမျဥ်းချမှတ်ခွင့်ပြုထားသည့် နွေဦးဘဏ် တွင် စတင်ဖွင့်လှစ်သည့် တစ်နေ့တည်း တစ်ရက်တည်း ဘဏ်စာရင်းဖွင့်လှစ်သူ ၁၀၀၀ ကျော်ထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။
•    နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ပြည်သူတိုင်း ဘဏ်အကောင့်ဖွင်ခြင်းဖြင့် စစ်ကောင်စီကို ဘဏ္ဍာရေးတိုက်ပွဲ ဆင်နွှဲကြရန် ဦးမင်းကိုနိုင်က ယနေ့ တိုက်တွန်းပြောဆိုလိုက်သည်။
•    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ပန်းတင်တံတားရှိ အကြမ်း ဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားသုံးစီးပါ ယာဥ်တန်းမှ စစ်ကောင်စီတပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
•    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဦးပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။
•    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ ဆက်ကြေးကောက်နေသည့် ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်လှကျေးရွာရှိ ပျူစခန်းကို၊ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီခန့်က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးပြီး သေနတ်သုံး လက်နှင့် လက်နက်ခဲယမ်းအချို့ ရရှိလိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ် ပကဖ)က သတင်းထုတ်ပြန်သည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသတွင် စစ်ဘေးရှောင်နေကြသူများအတွက် ဝါးနှင့်အမိုး အကာများ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများထံက သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ကနီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူကာ စောင့်ကြပ်ပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၉ ရက် ည ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း (DRPA) တပ်ဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်ကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က အင်ဒရန့်ရွာမှ နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဆေးရုံ၌ တပ်စွဲထားသော စစ် သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mandalay People Rescue မှ သိရသည်။
•    ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှပျူစောထီး စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်အပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊
•    ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ စွမ်းရည်ထက်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွား People Defense Force-South Monywa အဖွဲ့ တာဝန်ခံ က ပြောသည်။
•    ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီတပ်၏ရေယာဉ်သုံးစီးက စစ်ကိုင်း တိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ပစ်ခတ်နေသည့်အတွက် မြစ်ကမ်းဘေးကျေးရွာများတွင်နေထိုင်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
•    မြန်မာစစ်အုပ်စုကို အကျိုးအမြတ်များစွာ ရနေတဲ့ ဒေါ်လာ ဘီလျံချီရှိတဲ့ ပြင်သစ်ရင်းနှီးမြှပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ လုပ်ဆောင်တဲ့ လှုပ်ရှားမှုမှာ ပြည်သူတွေ ပါဝင်ပေးဖို့ အဆိုပါကမ်ပိန်းကို ဦးဆောင်သူများက ဆော်ဩထားသည်။
•    ဇူလိုင်လ ၂၃ ရက်နေ့သည် တော်လှန်ရေးကိုဦးဆောင်လှုပ်ရှားပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား ခဲ့သူများ ဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးခဲ့ခြင်း တနှစ်ပြည့်ပြီဖြစ်သလို တော်လှန်ရေး အင်အားစုများမှ တော်လှန်ရေး သန္နိဌာန်နှင့် ကတိစကားကို ပြည်သူ လူထုကြီးရှေ့မှာ ပြောကြားသွားသည်။
•    ပဲခူးတိုင်းအရှေ့ခြမ်း ၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က မီးဆက်ရှို့နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
•    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းအဟောင်း၊ ပန်းတင်ကုန်းကျေးရွာ နှင့် ကောက်မယ်သူကျေးရွာအကြားတွင် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
•    တောင်ကိုရီးယားတွင် မြန်မာအကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပနေကြောင်း သိရသည်။
•    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ၊ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နယ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက် ရကြောင်း ဒေသခံများထံက သိရသည်။

 

တိုင်းရင်းလက်နက်ကိုင်များ

•    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF – Kanpetlet က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
•    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရှမ်း-ကရင် နယ်စပ်ရှိ ယာဒိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲသည် ယနေ့ ဇူလိုင် လ ၂၃ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
•    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဇိုင်းကျေးရွာနှင့်အနီးအနားကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ် ကောင်စီ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေး နေရ ကြောင်း KNU ဗဟိုထံမှ သိရသည်။

 

စစ်ကောင်စီ

•    ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများအား ယနေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းတွင် ရွှေကူမြို့ဘက်ခြမ်း၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက လက်နက်ကြီး နှင့် ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
•    ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမည်ဖြစ် ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
•    အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေချက်အရ နေပြည်တော်တွင် ယနေ့ ဆင်ဖြူ တော်အမည်ခံ ဆင်ပေါက်စ ရဋ္ဌနန္ဒက ၏ ၁ နှစ်ပြည့် မွေးနေ့ ကျင်းပပြုလုပ်ပြီး ဝန်ကြီးဌာနပေါင်းစုံ တက်ရောက်ရကြောင်း နေပြည်တော် သတင်းရင်းမြစ်တချို့ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။
•    ဆရာတော်ကြီး(၂၆)ပါးနှင့် လူပုဂ္ဂိုလ်(၂၀၄)ယောက်တို့ကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
•    နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအနေဖြင့် ကိုယ်‌ရေးရာဇဝင်အချက် အလက်အပြည့်အစုံဖြင့် နိုင်ငံပိုင် သတင်းစာတွင် ကြော်ငြာထည့်သွင်းပြီးနောက်လအကြာမှသာ ပြန်လည်လျောက်ထားနိုင် မည်ဖြစ် ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်သည်။
•    စနစ်သစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်များကို လုံခြုံရေးစနစ် မြှင့်တင်ရန် စီစဉ်နေကြောင်း အကြမ်းဖက်စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန က သိရသည်။
•    နေပြည်တော်က မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာမည့် သြဂုတ် ၁ ရက်တွင် အနေကဇာတင် မည်ဖြစ်ပြီး ၁၆ ရက်နေ့အထိ ပြည်သူတွေကို အခမဲ့ ဖူးမြော်ခွင့် ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောသည်။

 

ဇူလိုင် ၂၃ ရက် သုံးသပ်ချက်

•    အကြမ်းဖက်စစ်ကောင်စီမှ ငွေကျပ်နှစ်သောင်းတန်းထုတ်မည်ဟု တရားဝင်ကြေညာလိုက် ပြီးနောက်ဈေးကွက်အတွင်း မြန်မာငွေတန်ဖိုး ချက်ချင်းကျဆင်းသွားသလို ထုတ်ကုန်အပါအဝင် နိုင်ငံဝင်ငွေ မရှိဘဲ စစ်အုပ်စုမှ ရိုက်ထုတ်သုံးစွဲမှုကြောင့် ငွေကြေးဖောင်းပွမှုများ ဆက်လက် ဖြစ်လာမည်ဖြစ်သည်။
•    စစ်အာဏာရှင်တော်လှန်နေသည့် ဒေသများထဲမှ တော်လှန်မှုပြင်းထန်းလာသည့် ပဲခူးတွင် တိုက်ပွဲများခပ်စိတ်စိတ်ဖြစ်လာသည်ကို ကြည့်ပါက စစ်အုပ်စု၏ စိုးမိုးနယ်မြေလျှော့ နည်း လာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required