"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်မှ ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိ

By ဂန္ဒမာ (မဇ္ဈိမ)
21 July 2023
"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်မှ ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိ

"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ် လေးကြိမ်မှ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ခံရရှိသည့် ဘဏ္ဍာငွေများထဲမှ ဒေါ်လာ ၁.၅၅ သန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လည်းကောင်း၊ KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) အတွက် ဒေါ်လာ ၀.၂၅ သန်း ၊  CJDC (Chinland Joint Defense Committee) အတွက် ဒေါ်လာ ၀.၁၄ သန်း နှင့် အခြားသောတော်လှန်ရေးအင်အားစုများအတွက် လျာထားသုံးစွဲလျက်ရှိကြောင်း ဖော်ပြထားသည်။

“မမများနဲ့ပွဲကမယ်” အစီအစဥ်တွင် ပါဝင်ခဲ့ကြသည့် ပြည်သူများ၊ Fundraiser များ ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များအပါအဝင်  အဖွဲ့သားအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းဆိုပြီး ပြည်သူလူထုမှ တော်လှန်ရေးအတွက်လှူဒါန်းထားသော ငွေကြေးများကို တာဝန်ခံ၊ တာဝန်ယူမှုအပြည့်ဖြင့် အဖိတ်အစင်မရှိ စနစ်တကျ စိစစ်သုံးစွဲလျက်ရှိကာ အလေအလွင့်မရှိစေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းကိုလည်း ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သော စာမှတစ်ဆင့် အသိပေးသည်။

“မမများနဲ့ပွဲကမယ်” အစီအစဥ်မှ ရရှိခဲ့သော ရန်ပုံငွေဖြင့် ဝယ်ယူတပ်ဆင်ထားသည့် လက်နက်ကြီးများ၏ မြေပြင်တိုက်ပွဲဝင်မှုများလည်းရှိပြီး အဆိုပါသတင်းများကို သင့်လျော်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“မမများနဲ့ပွဲကမယ်” ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်အား ကရင်နီ၊ စစ်ကိုင်း၊ ချင်း၊ မကွေး၊ အလယ်ပိုင်းဒေသအတွက် လေးကြိမ် ရှာဖွေခဲ့ပြီး  ယခုအခါတွင် “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့” ပဉ္စမမြောက်ပရောဂျက်အား စတင်တော့မည်ဖြစ်ကြောင်း မမများနဲ့ပွဲကမယ် ဖေစ့်ဘွတ်စာမျက်နှာမှတစ်ဆင့် သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly