လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ စစ်ကောင်စီ၏ဖမ်းဆီးခြင်း မခံရပါ

By JC ( မဇ္ဈိမ)
21 July 2023
လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ စစ်ကောင်စီ၏ဖမ်းဆီးခြင်း မခံရပါ

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအား ထပ်မံဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်း စာများတွင် ဖော်ပြထားသည်။ ယင်းမှာ မှားယွင်းနေသည်။ 

စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများ၌ ဇူလိုင်လ ၁၇ ရက်နေ့က Hein Min Aung(Linn Nhyo Taryar) Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၇)ရပ်ကွက်နေ လင်းညို့တာရာ(ခ) ဟိန်းမင်းအောင်အား ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဖော်ပြထားသည်။

လင်းညို့တာရာအပါအဝင်လေးဦးကို သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ် ကြောင်းဖော်ပြထားခြင်းဖြစ်သည်။  ယင်းနောက်တွင် ထိုအကြောင်းအရာမှာ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့ခဲ့သည်။ 

မဇ္ဈိမ၏သတင်းအချက်အလက်စစ်ဆေးသူများအနေဖြင့် ဗေဒင်ဆရာလင်းညို့တာရာ ထပ်မံဖမ်းဆီးခံရ ခြင်း ရှိ၊ မရှိ အချက်အလက်စစ်ဆေးခဲ့ရာ ဖမ်းဆီးခံရခြင်းဖြစ်စဉ်မှာ အမှန်မဟုတ်ကြောင်း တွေ့ရသည်။

မဇ္ဈိမမှလည်း လူငယ်ဗေဒင်ဆရာအား ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကဖမ်းဆီးခဲ့ကြောင်း မြန်မာ့ အလင်းသတင်းစာ၏ဖော်ပြချက်အရ သိရကြောင်းနှင့် ဗေဒင်ဆရာလင်းညို့တာရာ၏ လူမှုကွန်ရက်တွင် ဇူလိုင်လ ၁၆ ရက်နေ့အထိ ဗေဒင်အကြောင်းအရာများ ဖြန့်ဝေထားကြောင်း ထည့်သွင်းဖော်ပြထားသည်။ လင့် - t.ly/mWWS0 

အချက်အလက်စစ်ဆေးသည့်အဖွဲ့တခုဖြစ်သည့် Fact Crescendo ကလည်း လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအဖမ်းခံရသည်ဆိုခြင်းမှာ သတင်းအမှားဖြစ်ကြောင်း အချက်အလက် စစ်ဆေးထားသည်။ 
လင့် - t.ly/dTGqx 

Delta News Agency ကလည်း “လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီ လိမ်လည် ဝါဒဖြန့်” ဟု ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။
လင့် https://deltanewsagency.com/39345/

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ လင်းညို့တာရာအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ဇူလိုင်လ ၁၉ ရက်နေ့တွင် ယခုကဲ့သို့ အသံဖြင့်ပြန်လည်ဖြေဆိုသည်။ 
“ဟန်ငြိမ်းဦးကနေပြီးတော့ ဧပြီ ၂၈ ရက်နေ့မှာ ပို့စ်တင်တယ်။ အဲဒီကတည်းက စဖမ်းဖို့လုပ်နေတာပေါ့။ အဲဒီကတည်းကနေပြီးတော့ ခုချိန်အထိရှောင်နေတာ။ ကျနော်လည်း တနေရာတည်းမှာမနေဘူး။ ကျနော် ဟိုတနေ့က တော်လှန်ရေးတွေအနိုင်ရတော့မယ်တင်လိုက်တဲ့ကိစ္စမှာ စစ်ကောင်စီက နည်းနည်းလေးများ စပ်သွားတာလား မသိဘူး။ အဲဒီနောက်ပိုင်း ကျနော့်ကိုတုံ့ပြန်လာတယ်။ သတင်းစာထဲမှာ ထည့်တယ်။ ဒါပေမယ့် သူတို့သတင်းစာမှာထည့်တဲ့အတိုင်း ကျနော့်ကို မဖမ်းမိပါဘူး။ ကျနော် လွတ်မြောက်တဲ့နေရာ မှာ၊ လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်”
မဇ္ဈိမသို့ ပြန်လည်ဖြေကြားသည့် အသံဖိုင်အား လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ထောင်မှပြန်လွတ် လာစဉ်က Delta News Agency နှင့်ပြုလုပ်ထားသည့် အင်တာဗျူးမှအသံဖြင့်တိုက်ဆိုင်စစ်ဆေးရာတွင် လည်း လေယူလေသိမ်းနှင့် အသံနေအသံထား တူညီမှုရှိသည်ကိုတွေ့ရသည်။
ထို့ပြင် လင်းညို့တာရာ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသည့် ဗေဒင်ဟောကြားမှုများမှ အသံနှင့် လည်း တူညီမှုရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် ဗေဒင်ဆရာလင်းညို့တာရာအား စစ်ကောင်စီမှ ဇူလိုင် ၁၅ ရက်နေ့တွင် ဖမ်းမိသည်ဟု မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာမှ ဖော်ပြချက်များသည် အမှန်မဟုတ်ဘဲ သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly