မြန်မာလူထုထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အ၀ပေးနိုင်ရေး ကုလအလေးထားသင့်ပြီဟု BNI စာတမ်းတိုက်တွန်း

By ရောင်နီ (မဇ္စျိမ)
20 July 2023
မြန်မာလူထုထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အ၀ပေးနိုင်ရေး ကုလအလေးထားသင့်ပြီဟု BNI စာတမ်းတိုက်တွန်း
Photo - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး (စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် လက်ရှိ ဇူလိုင်လအတွင်း စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ)

ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူလူထုထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အ၀ပေးနိုင်ရေး အလေးအနက်ထား ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း Burma News International (BNI) က ယနေ့ထုတ်ဝေလိုက်သည့် စာတမ်းတွင် တိုက်တွန်းလိုက်သည်။

 “ နိုင်ငံတကာအလှုရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” စာတမ်းကို Burma News International(BNI) က ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အွန်လိုင်းမှ မိတ်ဆက်ထုတ်‌ဝေလိုက်ခြင်းဖြစ်သည်။

ထိုစာတမ်းသည် BNI - Myanmar Peace Monitor က ၂၀၂၃ ခုနှစ်အတွက်  ပထမဆုံး ထုတ်ဝေလိုက်သည့် စာတမ်းဖြစ်ပြီး   မြန်မာနိုင်ငံအတွင်းရှိ အကူအညီလိုအပ်နေသည့် သန်းနှင့်ချီသော လူထုထံ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမှန်တကယ်ရောက်ရှိနိုင်ရေး ချဥ်းကပ်အဖြေရှာထားသည်ဟု ရှင်းပြထားသည်။

မြန်မာနိုင်ငံအတွင်း လူသားစာနာအကူအညီများ၏ လွမ်းခြံနိုင်မှုအခြေအနေများနှင့်  ပြည်သူလူထုထံ အမှန်တကယ်ရောက်ရှိနိုင်မည့် နည်းလမ်းများအပါအ၀င် သုံးသပ်အကြံပြုချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များနှင့် လူပုဂ္ဂိုလ်များကို မေးမြန်းပြီး သုတေသနပြုရေးသားထားသည်ဟု BNI က ဖော်ပြသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီ ဖြစ်ပြီး ယင်းတို့အနက် လူဦးရေ ၁ ဒသမ ၆ သန်းခန့်သည်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော  ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနိုင်းရေးရုံး UNOCHAက ယမန်နေ့ ဇူလိုင်လ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများတွင် အခက်အခဲနှင့် စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရသော်လည်း အကူအညီအလိုအပ်ဆုံးဒေသများမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဖြစ်ကြောင်း BNI စစ်တမ်းကဆိုသည်။ 

စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မှုကို လေ့လာကြည့်လျှင် “ပြည်သူမှ ပြည်သူ” ထောက်ကူပံ့ပိုးနေမှုနှင့် နိုင်ငံတကာ အစိုးရများထံမှ  ရရှိသည့် လူသားစာနာ အကူအညီများဟူ၍ နှစ်ပိုင်းတွေ့ရကြောင်း၊ နိုင်ငံတကာအစိုးရများထံမှရရှိသည့် လူသားစာနာအကူအညီများသည် အာဏာသိမ်းစစ်အုပ်စုနှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီး ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိနိုင်ရေးအကန့် အသတ် ရှိနေသည်ကို တွေ့ရကြောင်း BNI ၏ စာတမ်းက ဖော်ပြထားသည်။ 

“ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရောက်ရှိဖို့ ဆောင်ရွက်ရာမှာ အာဏာသိမ်းစစ်အုပ်စုနဲ့  ပူးပေါင်းလုပ်ဆောင်တဲ့နည်းလမ်းက တကယ်လိုအပ်တဲ့ လူတွေဆီ ရောက်လားဆိုတာမေးမြန်းဖို့လိုအပ်နေပါပြီ” ဟု BNI၏မီဒီယာဖွံ့ဖြိုးရေးကော်မတီဥက္ကဌ ဦးစိုးမြင့်က စာတမ်းမိတ်ဆက်သည့် အခမ်းအနားတွင် အသိပေးပြောကြားသည်။  

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်က ချမှတ်ထားသည့် စည်းမျဥ်းများကို လိုက်နာရသည့်အပြင် ၄င်းတို့ ခွင့်ပြုသည့်နေရာများကိုသာ ထောက်ပံ့နေရခြင်းသည် အမှန်တကယ် အကူအညီလိုအပ်နေသည့် ပြည်သူလူထုအတွက် နစ်နာမှုရှိိ မရှိ ပြန်လည်ဆန်းစစ်ရန်လည်း BNI ၏ စာတမ်းတွင် တိုက်တွန်းထားသည်။ 

UNOCHA Myanmarကလည်း မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များစွာရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်အကူအညီပေးနိုင်ရန်  အဟန့်အတားများ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံး၏ စိုးရိမ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ ပေါင်းစည်းကာ အားလုံးပါ၀င်သည့်  လူသားချင်းစာနာကူညီမှုဖိုရမ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းလည်း BNI က အကြံပြုတိုက်တွန်းထားသည်။ကုလသမဂ္ဂအနေဖြင့်မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အ၀ ပေးနိုင်ရေးအတွက် လေယာဥ်မပျံသန်းရဇုန် (No-fly Zones)များ၊ လုံခြုံရေးအာမခံသောဧရိယာ(Safe Zone) သတ်မှတ်ခြင်းနှင့် လူသားချင်းစာနာထောက်မှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း (Humanitarian Ceasefire) ကြေညာခြင်းတို့ကို အလေးအနက်ဆောင်ရွက်သင့်ပြီဟု တိုက်တွန်းထားသည်။ 

နိုင်ငံတကာမှပေးအပ်ရန်ကြိုးစားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို စစ်ကောင်စီကဟန့်တားနေခြင်းသည် ပြည်သူလူထုပေါ် စာနာမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ ပြောကြားထားသည်။ နိုင်ငံတကာမှအကူအညီများ ပြည်သူလူထုထံအလျင်အမြန်ရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများက နယ်စပ်ဂိတ်များ သတ်မှတ်ဖွင့်လှစ်ပေးရန်လည်း ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းထားသည်။

BNI စာတမ်းတွင်လည်း နယ်စပ်ဖြတ်ကျော် အကူအညီပေးမှု (Cross Border Assistance)၏ အရေးပါမှုနှင့် ထိရောက်နိုင်မှု အလားအလာ၊ လက်ရှိသွားနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဓမ္မဓိဌာန်ကျကျ ဆင်ခြင်သုံးသပ်ကာ အမှန်တကယ် အကူအညီလိုအပ်နေသည့် သန်းနှင့်ချီသောပြည်သူလူထုထံ နိုင်ငံတကာမှ လူသားစာနာအကူအညီများ ရောက်ရှိစေရေး ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်းသုံးသပ်တင်ပြထားသည်။

နယ်စပ်ဖြတ်ကျော်အကူအညီများလက်တွေ့ဖြစ်ပေါ်လာနိုင်ရေးအတွက်  အိမ်နီးချင်းနိုင်ငံအစိုးရများကိုယ်တိုင်က နယ်စပ်ဂိတ်များ သတ်မှတ်ဖွင့်လှစ်ပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးနိုင်ရေး အသိအမှတ်ပြုလုပ်ဆောင်ပေးနိုင်သည့်အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း BNI၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက သုံးသပ်သည်။ 

Burma News International (BNI) ကို ၂၀၀၃ ခုနှစ်တွင်  မြန်မာ၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်‌ဒေသ၌အခြေစိုက်သော  မြန်မာသတင်းဌာနလေးခုဖြင့် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် စတင်ဖွဲ့စည်းခဲ့‌ကြောင်းသိရသည်။  နောက်ပိုင်းတွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းအဖွဲ့အစည်းအချို့နှင့်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် မဇ္ဈိမသတင်းဌာန၊  Than Lwin Times သတင်းဌာနအပါအဝင် သီးခြားလွတ်လပ်သော မြန်မာသတင်းဌာန ၁၅ ခုဖြင့် ဖွဲ့စည်းထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly