လွိုင်ကော်- မိုးဗြဲနှင့် လွိုင်ကော် - ဆီဆိုင်လမ်းမကြီးတစ်လျှောက် စစ်ရေးတင်းမာနေ

By 001 (မဇ္စျိမ)
20 July 2023
လွိုင်ကော်- မိုးဗြဲနှင့် လွိုင်ကော် - ဆီဆိုင်လမ်းမကြီးတစ်လျှောက် စစ်ရေးတင်းမာနေ
Photo - KNDF B – 02

လွိုင်ကော်-မိုးဗြဲ လမ်းမကြီးနှင့် လွိုင်ကော် -  ဆီဆိုင် လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေကာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံက သိရသည်။ 

အဆိုပါ လမ်းမကြီးများမှာ အခြားတိုင်းနှင့် ပြည်နယ်များမှ ကရင်နီပြည်နယ်သို့ အဓိက ဝင်၊ ထွက်နိုင်သည့် လမ်းမကြီးများဖြစ်ပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းဖြည့်တင်းခြင်းတို့ကို ယင်းလမ်းကြောင်းများကို အသုံးပြုပြီးပြုလုပ်နေခြင်းဖြစ် သည်။

ထို့ကြောင့် အဆိုပါ လမ်းမကြီးများအား ဇူလိုင်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ဆယ်ဘီးကား၊ ကုန်ကား၊ တွဲကား၊ ဒန်ဘာ၊ မိုးကာအုပ် စသည့်ကားကြီးများ လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDF တပ်ရင်း-၂ က အသိပေးထားသည်။

 “ အဲ့ဒီလမ်းကြောင်းပေါ်မှာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ အဝင်၊ အထွက်တွေ တအားလုပ်နေတယ်။ အင်အားဖြည့်တာမျိုးတွေပေါ့။ အဲ့တာမျိုးတွေ တအားလုပ်တဲ့အခါမှာ အချိန်မရွေးကျွန်တော်တို့တပ်ရင်းတွေနဲ့ ထိတွေ့မှုဖြစ်နိုင်တယ်။ အဲ့တာကြောင့် ကြားထဲမှာ ပြည်သူလူထုတွေက သွားလာရင်းနဲ့ ဒုက္ခရောက်မှာစိုးလို့ပေါ့။ သွားလာရင်းနဲ့ ကြားထဲမှာ ပိတ်မိတာမျိုးတွေ ဖြစ်မှာစိုးလို့ပါ” ဟု KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း လွိုင်ကော်-မိုးဗြဲလမ်းမကြီးတစ်လျှောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီဘက်က နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း KNDF ထံက သိရသည်။

ထို့ကြောင့် နယ်မြေလုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ ပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာပေးကြရန် KNDF က မေတ္တာရပ်ခံထားပြီး ကားငယ်များအနေဖြင့်လည်း မဖြစ်မနေသွားလာရန် လိုအပ်ပါက ကားမှန်များချပြီး သွားလာကြရန် အသိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်အတိုင်းလိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့်  မည့်သည့် ပြဿနာအကြောင်းအရာများအားလုံးကိုမဆို KNDF တပ်ရင်းအမှတ် (၂) က တာဝန်ယူပေးမည် မဟုတ်ကြောင်းနှင့် ပြန်လည်သွားလာနိုင်မည့် အချိန်နှင့် နေ့ရက်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly