အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး

အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် စိုးရိမ်ဖွယ်အနေအထားမှာ ရှိကြောင်း အခုနောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ဇူလိုင်လ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အထက်တန်းပညာရေး ဝင်ရောက်သင်ကြားသူ ကျောင်းသားဦးရေ ကျဆင်းသွားခဲ့ပြီး ၂၂ ရာခိုင်နှုန်းသာ အထက်တန်းပညာရေးကို သင်ယူဖို့ ကျောင်းအပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကလေးအများစုက ကျောင်းပြန်မတက်ကြတော့ဘူးလို့ အိမ်ထောင်စု ၈၅၀၀ နီးပါးကို ကောက်ယူတဲ့ စစ်တမ်းကို အခြေခံပြီး ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကြောင့် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာလည်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေ ပါဝင်ကြတာ ဖြစ်ပြီး အလုပ်ထွက် ကျောင်းထွက်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာဆို ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေဟာ စာသင်ခန်းတွေကို စွန့်ခွာပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ကျောင်းဆရာ ဆလိုင်းက အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

ထန်တလန်မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူ ၁၇ဝဝဝ လောက်ကို ပညာရေးဝန်ထမ်း ၁၁ဝဝ လောက်က ပညာသင်ပေးနေပြီး တချို့က ခိုင်ခံ့မှုမရှိတဲ့ ပလတ်စတစ်အမိုးအကာတွေအောက်မှာ စာသင်နေရတယ်လို့ ကျောင်းဆရာ ဆလိုင်းက ပြောကြောင်းလည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက ဒေသတချို့မှာတော့ ကလေးတွေ ကျောင်းပြန်လာတက်ချိန် စာမလိုက်နိုင်တာတွေ များသလို အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဒေသတွေမှာလည်း ရှောင်တိမ်းရင်း စေတနာ့ဝန်ထမ်းတွေက အတန်းပညာသင်ပေးနေရပါတယ်။

မြန်မာနိုင်ငံက တချို့နေရာတွေမှာ ကျောင်းပြန်တက်ကြသူတွေ ရုန်းကန်နေရသလို၊ အကြမ်းဖက်မှုတွေရှိနေတဲ့ ဒေသတွေမှာ စာသင်ခန်းတွေ ဖွင့်နိုင်ဖို့ ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ကြိုးစားနေကြရပါတယ်။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာတော့ လူထုအခြေပြု ပညာရေးကျောင်းတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ ကိုယ်ပိုင် ပြဌာန်းတဲ့စနစ်နဲ့ သင်ကြားပေးနေတယ်လို့ မကွေးတိုင်း လူထုအခြေပြုစာသင်ကျောင်း တစ်ကျောင်းက ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေနဲ့ ပညာရေးကဏ္ဍတွေကို ပုံမှန်ဖြစ်အောင် ကြိုးစားနေပေမယ့် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေက လျော့မသွားဘဲ ပိုတိုးလာနေတယ်လို့  မကြာခဏ ထုတ်ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly