ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတိုးမြှင့်

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတိုးမြှင့်

ကရင်ပြည်နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက နယ်စပ်တလျှောက် လက်နက်ကြီးတွေနဲ့ နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်နေတာတွေကြောင့် ထိုင်းမြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မဲဆောက်၊ မယ်လမ၊ ဖွတ်ဖရထာ့၊ ဆောင်ရန်း နဲ့ အုန်းဖြန် မြို့နယ် ၅ ခုမှာ  ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ လုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်းသိရပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ လက်နက်ကြီးပစ်ခတ်တဲ့ အသံတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်အထိ ကြားခဲ့ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောဆိုကြပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းကို ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ထိုင်းနယ်ခြား စောင့်တပ်နဲ့ နယ်မြေရဲတပ်ဖွဲ့တွေက နယ်ခြား အဝင်ထွက်နေရာတွေကို အသေးစိတ် စစ်ဆေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ထိုင်းနယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး ဖုန်စထောင် နိပရာ (Pongsathorn Nippaya) ကိုယ်တိုင်ဦးစီးပြီး အနီးကပ် စောင့်ကြည့်နေပြီးတော့ မြန်မာနိုင်ငံ ဘက်ကနေ ဝင်လာမယ့် စစ်ရှောင်ပြည်သူနဲ့ ဒဏ်ရာရသူတွေ ရှိ မရှိ နဲ့ ထိုင်းဘက်ကနေ ဆေးဝါးရိက္ခာတွေ ပို့ဆောင်ဖို့ လုပ်နေတာတွေ ရှိမလား ဆိုတာကို စိစစ်စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြဝတီမြို့ အရှေ့မြောက်ဘက်၊ လက်ခတ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ BGF ကရင်နယ်ခြားစောင့်တပ် ၁ဝ၂၂ စခန်းကုန်းအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ ဇူလိုင်လ ၅ ရက်က စဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ဇူလိုင်လ ၁၈ ရက်ထိ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

အလားတူ ကော့ကရိတ်မြို့ ၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့ ဘက်တွေမှာလည်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်နေပြီး လေတပ်၊ ကြည်းတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး၊ ရဟတ်ယာဉ်တွေနဲ့ ကင်းထောက်ပျံသန်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကရင်ပြည်နယ်အတွင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ () ထိန်းချုပ်နယ်မြေထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ကျားသစ်နက် စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တွေ ပါတဲ့ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

နှစ်ဘက်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေကြောင့် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်အနီး စစ်ဘေးရှောင်နေရသူတွေ အများအပြား ရှိနေပြီး တချို့က နရပ်မပြန်နိုင်ကြသေးတာ တနှစ်ခွဲကျော်အထိ ကြာမြင့်နေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly