မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်

မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်

တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ဘဏ္ဍာငွေကြေး ထောက်ပံ့မှုပေးနေပြီး စစ်လက်နက်တွေ ရောင်းချနေကြောင်း  ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို  တရုတ်အစိုးရက ငြင်းဆို ကန့်ကွက် လိုက်ပါတယ်။

မြို့တော် ဘေကျင်းမှာ ပုံမှန်ကျင်းပတဲ့  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ မစ္စမောင်နင်းက ပြေကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တင်သွင်းခဲ့တဲ့အစီရင်ခံစာဟာ လုပ်ပိုင်ခွင့်ကို ကျော် လွန် လုပ်ဆောင်နေသလိုမျိုးဖြစ်နေတယ်လို့ တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်း ပုံမှန်အရောင်း အဝယ်လုပ်ဆောင်မှုတွေကို အပုပ်ချတာမျိုးတွေအပြင် မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံထားတာမျိုး ဖြစ်နေတယ်။ အဲဒီအစီရင်ခံစာကို တရုတ်အစိုးရက ကန့်ကွက်ဆန့်ကျင်ပါတယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ ရုရှား နိုင်ငံတို့ထံကနေ စစ်လက်နက်ပစ္စည်းများ တင်သွင်းလျက်ရှိနေကြောင်း ပြီးခဲ့တဲ့မေလက တင်သွင်းခဲ့တဲ့ တွန်အန်ဒရူးရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မစ္စ မောင်နင်းကသူ့အနေနဲ့ထုတ်ပြန်ချက်ကို မဖတ်ဖူးသလို သတင်းရင်းမြစ်က မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကိုလည်း မသိနိုင်ကြောင်း ပြောကြားထားပါတယ်။

အဲဒီအစီရင်ခံစာမှာ လွတ်လပ်တဲ့ နိုင်ငံအချင်းချင်းကြားက သာမန်လက်နက်ရောင်းဝယ်မှုကို နာမည်ဆိုးတပ်ထားပြီး အချက်အလက်တွေကိုလည်း လွဲမှားစွာ ဖော်ပြထားကာ ဒီစွပ်စွဲချက်ကို တရုတ်က ခိုင်ခိုင်မာမာ ကန့်ကွက်ငြင်းဆိုပါတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အာဏာရှင်တွေဟာ အာဏာသိမ်းယူပြီးနောက် အရပ်သားတွေကို တိုက်ရိုက်ပစ်မှတ်ထား သတ်ဖြတ်နေတာတွေ အပါအဝင် ကိုယ့်နိုင်ငံသားတွေအပေါ်မှာ အနိုင်ကျင့် အကြမ်းဖက်နေတာတွေကို မယုံနိုင်လောက်စရာ သက်သေအထောက်အထား အများအပြားရရှိခဲ့ကြောင်း၊  ဒီလိုအခြေအနေမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပြီး ချင်ဂန်း (နိုင်ငံခြားရေးဝန်ကြီး) အပါအဝင် တရုတ်ထိပ်တန်းအရာရှိတွေက စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေကြောင်း မီဒီယာတွေက ပြန်လည်မေးခွန်းထုတ် ထောက်ပြခဲ့ကြပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိပဲ ရှင်းရှင်းလင်းလင်းရှိပြီး အခြေခံဥပဒေ မူဘောင်ထဲကနေ တရားဝင် နိုင်ငံရေးဆွေးနွေးမှုဆောင်ရွက်ခြင်းအားဖြင့် ပဋိပက္ခတွေကို ဖြေရှင်းရမှာ ဖြစ်တယ်လို့လည်း မစ္စမောင်နင်းက ပြန်လည်း ဖြေကြားခဲ့ပါတယ်။

မြန်မာ့အရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာလည်း မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်စေရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုပြန်လည်သင့်မြတ်ရေးမှာ ပိုမိုတိုးတက်လာစေရေး၊ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာခြင်း မရှိစေရေး တို့အတွက် အထောက်အပံ့ဖြစ်ဖို့လိုတယ်လို့ ယုံကြည်လက်ခံကြောင်း မစ္စ မောင်နင်းကပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူအခွင့်ရေးအထူးကိုယ်စားလှယ်အနေနဲ့ အထူးကိုယ်စားလှယ်ဆိုတဲ့ဂုဏ်သိက္ခာကို ထိခိုက် နစ်နာမှုမရှိရအောင် နိုင်ငံရေးအစီအစဉ်တွေဆောင်ရွက်တာမျိုးတွေကို ရပ်တန့်ဖို့အတွက်လည်း တိုက်တွန်း တောင်းဆိုလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly