မုဒုံ-သံဖြူဇရပ်လမ်း၌ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ PDF များ ဓားပြတိုက်ဟု သတင်းမှားဖြန့်

By JC (မဇ္ဈိမ)
20 July 2023
မုဒုံ-သံဖြူဇရပ်လမ်း၌ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ PDF များ ဓားပြတိုက်ဟု သတင်းမှားဖြန့်

မွန်ပြည်နယ်၊ မုဒုံ-သံဖြူဇရပ်လမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လမ်းပိတ်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များက ခရီးသည်များအား ဓားပြတိုက်သည်ဟူသောသတင်း ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။ 

စစ်ကောင်စီဝါဒဖြန့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့က “တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် မွန်ပြည်နယ် မုံဒုံ-သံဖြူဇရပ်လမ်းပိုင်း ကားလမ်းရေကျော်မှုဖြစ်နေပြီး လမ်းများပိတ်နေ ချိန်  PDF+အကြမ်းဖက်များရောက်ရှိလာပြီး ခရီးသည်များကို သေနတ်ပြကာ တော်လှန်ရေးရန်ပုံငွေထည့် ရန်ပြောပြီး အတင်းအဓမ္မ ဓါးပြတိုက်သွားကြောင်းသိရ” ဟု (မူရင်းအရေးအသားအတိုင်း) ဓာတ်ပုံသုံးပုံ နှင့်အတူ ဖြန့်ဝေထားသည်။

ထိုအကြောင်းအရာနှင့် ဓာတ်ပုံများအား အခြားတယ်လီဂရမ်ချန်နယ်နှင့် ဂရုရှစ်ခုတွင် ပျံ့နှံ့နေပြီး နှစ်ရက် အတွင်း ကြည့်ရှုသူ ၄၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 

အဆိုပါဓာတ်ပုံများနှင့် ဖြစ်စဉ်အား မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှစိစစ်ခဲ့ရာတွင် ဖြစ်စဉ်များကို လိုသလို ပုံဖော်ရေသားအသုံးပြုထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

သတင်းတွင် ဖော်ပြထားသည့် ပထမဆုံးပုံသည် ဇူလိုင်လ ၁၃ ရက်နေ့က မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ လုံခြုံရေးယူစစ်ဆေးနေစဉ်ကပုံဖြစ် သည်။ 

ဇူလိုင်လ ၁၃ ရက်နေ့တွင် “ဒုစစ်ဒေခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်(၃) တောင်ပိုင်းတိုင်း JOC” မှ ပြည်ထောင်စု လမ်းမကြီးအား လုံခြုံရေးယူစစ်ဆေးနေကြောင်း ဓာတ်ပုံ ၁၀ ပုံဖြင့် ဖော်ပြထားသည်။

ထိုဓါတ်ပုံ ၁၀ ပုံအနက် ဒုတိယမြောက်ပုံအား မှိုင်းဝေချန်နယ်မှဖြန့်ဝေသည့် သတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။ 
လင့် - t.ly/M4cN7

ဇူလိုင်လ ၁၈ ရက်နေ့တွင် မုဒုံ-သံဖြူဇရပ်လမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ မှစီးဆင်းလာကာ ကားလမ်းရေကျော်ခြင်းဖြစ်ပွားခဲ့သည်။ 
ထိုအကြောင်းကို “U Kyaw Win AB” အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးမှ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ပိုင်းတွင် မိုးကြီးသဖြင့် ကားလမ်းရေကျော်နေခြင်းဖြစ်ကြောင်း အစောဆုံးတင်ထားသည်။

သတင်းတုတွင် အသုံးပြုထားသည့်ဓာတ်ပုံများအနက် ဒုတိယပုံနှင့် တတိယပုံသည် ဦးကျော်ဝင်းဖော်ပြ ထားသည့် ပုံများဖြစ်သည်။
လင့် - t.ly/anRGy
အလားတူ ထိုဒုတိယပုံနှင့် တတိယပုံတို့အား မွန်ပြည်နယ်တွင်းသတင်းများအား ဖော်ပြလေ့ရှိသည့် Independent Mon News Agency မှ ဇူလိုင်လ ၁၈ ရက်နေ့တွင် “မုဒုံ-သံဖြူဇရပ်လမ်းပိုင်းတွင် ကား လမ်းရေကျော်မှုဖြစ်ပွား” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြထားသည်။ 
လင့် - t.ly/ykuyb

ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မုဒုံ-သံဖြူဇရပ်လမ်း၌ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် နံနက် ၈ နာရီ ခန့်အထိ ကားများသွားလာမရဘဲ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားစဉ်အတွင်း နယ်မြေခံပရဟိတအဖွဲ့များမှ စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြသည်။ 

မဇ္ဈိမအနေဖြင့် ဇူလိုင်လ ၁၈ ရက်နေ့ ကားလမ်းပိတ်ဆို့နေစဉ် ဓားပြတိုက်မှု၊ လုယက်မှုနှင့် KNLA ၊ PDF များရောက်ရှိလာခြင်း ရှိ၊ မရှိအား ကူညီဆောင်ရွက်ခဲ့သူတစ်ယောက်ကိုမေးမြန်းရာတွင် PDF များ ရောက် ရှိလာခြင်းမရှိသကဲ့သို့ မည်သည့် ဓားပြမှု၊ လုယက်မှုမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြောသည်။

ထို့ကြောင့် မုဒုံ-သံဖြူဇရပ်လမ်းပိုင်းတွင် တောင်ကျရေကြောင့်လမ်းပိတ်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များမှ ခရီးသည်များအား တော်လှန်ရေးရန်ပုံငွေအကြောင်းပြကာ ဓားပြတိုက်ခဲ့သည်ဆိုခြင်းမှာ သတင်းအမှား ပင် ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly