မြန်မာနိုင်ငံအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန်အစိုးရ ကူညီ

မြန်မာနိုင်ငံအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန်အစိုးရ ကူညီ

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေအတွက် ယူကေအစိုးရ နိုင်ငံခြားရေးရုံးက ၂၀၂၃ နဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် သန်း ၃၀ နဲ့ တသိန်း အသုံးပြုရေး အတည်ပြုထားတဲ့အကြောင်း ဗြိတိန်အစိုးရက ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗြိတိန် မြန်မာ ဖွံဖြိုးရေးဆိုင်ရာ အစီရင်ခံစာ အကျဉ်းချုပ်မှာဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေသူတွေနဲ့ အကူအညီ လိုအပ်နေသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ၊ စားနပ်ရိက္ခာအကူအညီအပြင် ကျားမတန်းတူရေး၊ မသန်စွမ်းသူတွေ စောင့်ရှောက်ရေး၊ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု၊ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်တွေမှာ သုံးစွဲသွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

အခုပေးအပ်မယ့် အကူအညီတွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေလို လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးနဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး အဖြေရှာနိုင်ဖို့ အတွက်လည်း သုံးစွဲသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ ၂ဝ၁၇ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၀ နီးပါးနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၅၀ ကျော် ထောက်ပံ့ကူညီထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly