အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၄ ဦး ကျပ်ငွေသိန်း ၂၅၀ နှင့်အတူ ဖမ်းဆီးခံရ

By ပါခွီး (မဇ္စျိမ)
18 July 2023
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၄ ဦး ကျပ်ငွေသိန်း ၂၅၀ နှင့်အတူ ဖမ်းဆီးခံရ
ပုံစာ။      ။အဖမ်းခံရသည့် လူငယ်လေးဦးနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ပုံ။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားလေးဦးကို ကျပ်သိန်း ၂၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယနယ်ခြား‌စောင့်တပ် အာသံရိုင်ဖယ်တပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ လူငယ်လေးဦးသည် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှ ချင်းပြည်နယ်သို့ အပြန် ဇောင်းလိန်ကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့ညပိုင်းက အာသံရိုင်ဖယ်တပ်မှစစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖမ်းဆီးခံရသူများထဲမှသုံးဦးသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)မှ ဖြစ်ပြီး ကျန်တဦးမှာ အရပ်သား ဖြစ်ကာ ၎င်းတို့နှင့်အတူ ငွေသားများအပြင် စကားပြောစက်တလုံးနှင့် ဆိုင်ကယ်သုံးစီးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးထံမှ သိရသည်။  
                        
“သူတို့အဖမ်းခံရတာကို နှစ်ရက်ကျော်မှ သိရတာ။ အဲဒါနဲ့စုံစမ်းတော့ ဘာပြစ်မှုကြီးကြီးမားမားမှလည်း မရှိပါဘူး။ တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ နိုင်ငံခြားသားမှုနဲ့စွဲထားတယ်။ အခုတော့ ထောင်မှာ ရောက်နေပြီ” ဟု အဆိုပါဒေသတွင်နေထိုင်သူ မြန်မာနိုင်ငံသားက မဇ္စျိမကိုပြောသည်။

ဇောင်းလိန်ရွာတွင် အဖမ်းခံရပြီးနောက် သွီးပန်းရဲစခန်းသို့ အာသံရိုင်ဖယ်တပ်မှ အပ်နှံခဲ့ကာ ထိုမှတဆင့် ဆိုင်ဟားအချုပ်ခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရဲစခန်းတွင် အာမခံဖြင့်ပြန်လည်လွတ်မြောက်ရန် ကြိုးစားခဲ့ကြသော်လည်း နိုင်ငံခြားမှုဖြင့် အမှုတည် ဆောက်ပြီး ရုံးချိန်းရက်ပေးကာ တရားရုံးတွင် ဆက်လက်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ဆိုသည်။   
                                                            
နိုင်ငံခြားသားအမှုကို တရားသူကြီးများက တလ၊ သုံးလ၊ ခြောက်လအထိ ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်နိုင်သော်လည်း အာမခံဖြင့် တရားရင်ဆိုင်မည်ဆိုပါက တနှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။      

အိန္ဒိယနယ်ခြားစောင့်တပ် အာသံရိုင်ဖယ်တပ်ဖွဲ့သည် မြန်မာနိုင်ငံမှဝင်ရောက်လာသည့် မူးယစ်ဆေးဝါး ဘိန်းဖြူ၊ စိတ်ကြွဆေး၊ အရက်၊ ဘီယာ၊ စီးကရက် အပါအဝင် တားမြစ်ကုန်များကို မကြာခဏ စစ်ဆေးဖမ်း ဆီးလေ့ရှိကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly