လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာ

By Spring
18 July 2023
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာ

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာနေပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေက လူသားချင်းစာနာမူ အကူအညီ လိုအပ်ချက်ကို ပိုဆိုးရွားစေပြီး စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အတွက် အရေးပေါ်အကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့ ဆိုပါတယ်။

UN OCHA ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ စစ်ဘေးဒုက္ခသည် တစ်သန်း ရှစ်သိန်း လေးသောင်းကျော်သာ ရှိခဲ့ရာကနေ အခု ဇူလိုင် ၁၃ ရက်နေ့မှာ တစ်သန်း ရှစ်သိန်း ရှစ်သောင်းကျော် ရှိလာပါတယ်။ ဒါကြောင့် ဇွန်လ ဒုတိယပတ်ကနေ ဇူလိုင် ဒုတိယပတ်အထိ တစ်လအတွင်းမှာ စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါး ထပ်တိုးလာတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဒုက္ခသည် ရှစ်သိန်းနီးပါး ရှိနေပါတယ်။

ဒီအစီအရင်ခံစာထုတ်ပြန်ပြီး တစ်ရက်အကြာ ဇူလိုင်လ ၁၆ ရက်နေ့ကပဲ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာလို့ ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းလိုပဲ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာတော့ စစ်ဘေး ဒုက္ခသည် ငါးသောင်းကျော် ရှိနေပါပြီ။

တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထွက်ပြေးနေရသလို နေ့စဉ်လိုလို ပစ်ခတ်နေတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း နေ့စဉ် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာတော့ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့်ကို ပိတ်ပင်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေတယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေ တိုးလာပေမယ့် လူသားချင်းစာနာမှု အကူအညီတွေ ကန့်သတ်ပိတ်ပင်ခံနေရ တာကြောင့် စားဝတ်နေရေးအခက်အခဲ ပိုကြီးလာတယ်လို့ စစ်ကိုင်း၊ ချင်းနဲ့ ကရင်နီ ဒုက္ခသည်တွေက ပြောပါတယ်။

အရပ်သားတွေကို နေရပ်စွန့်ခွာထွက်ပြေးစေဖို့ စစ်ကောင်စီတပ်က ဖိအားပေးတိုက်ခိုက် တာတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညား က ပြောပါတယ်။

ဇူလိုင် ၁၅ ရက် UN OCHA ထုတ်ပြန်ချက်မှာလည်း လူသားချင်းစာနာမှု အကူအညီ ပေးရေးကိစ္စအပေါ် စစ်ကောင်စီအာဏာပိုင်တွေရဲ့ တင်းကျပ်မှုတွေ နိုင်ငံတစ်ဝန်း မြင့်မားနေပြီး၊ နိုင်ငံအရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ပိုဆိုးဝါးနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ စစ်ရှောင်စခန်း ၅ ခုမှာ ကရင်နီစစ် ဘေးရှောင် ကိုးထောင်ကျော်အထိရှိလာကြောင်း ထိုင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြထားချက်အရသိရပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြား အခြေခံလိုအပ်ချက်ဖြစ်တဲ့ အသုံးအဆောင်များကို ထိုင်းအစိုးရနဲ့ ပြင်ပအ လှူရှင်များက ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါတယ်။

မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့်လည်း တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက သတင်းတွေရဖို့ ခက်ခဲနေကြောင်း၊ စစ်ကောင်စီတပ်က မြန်မာပြည်သူတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ တိုးလာနေ ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲကလည်း ပြောကြားထားပါတယ်။

#politicalnews

#newsfeature

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly