ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူအား ရိုက်နှက်ဖမ်းဆီး

By ရွှေနွယ်( မဇ္ဈိမ )
17 July 2023
ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူအား ရိုက်နှက်ဖမ်းဆီး

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းသွားပြည်သူတဦးအား ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းက ပြင်းထန်စွာရိုက်နှက်ပြီး ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ချောင်းဘက်သို့ ပါကေးလုပ်ရန်လာသော သစ်သမားတဦးအား မြို့ချောင်း-စိန်ကန့်လန့်လမ်းတွင် ရောက်ရှိနေသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းမှ (၂) မိုင်ဂိတ်အနီးတွင်ဖမ်းဆီးကာ ဆောက်လုပ်ရေး ရှင်းလင်းဆောင်အတွင်း ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“သူက တက်ကြွသဘောလောက်ပဲ ရှိပါတယ်။ သာယာဝတီဘက်ကနေ အုတ်တွင်းမှာ အိမ်ထောင်လာကျ တဲ့ သစ်သမားပါ။ ဒါကိုဖမ်းပြီးစစ်တာမှ ဖုန်းထဲမှာ နိုင်ငံရေးပို့စ်တွေတင်ထားတာတွေ့ပြီး ပြင်းပြင်းထန် ထန်ရိုက်ပြီး ဖမ်းသွားတာပါ။ မျော့မျော့ပဲ ကျန်တော့တယ်။ သူနဲ့ပါလာတဲ့ သစ်သမားတွေလည်း အရမ်းကို ကြောက်လန့်နေကြတယ်”ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထောက်ပို့ရဲဘော် တဦးက မဇ္ဈိမသို့ ပြောသည်။

၎င်း၏ဖုန်းအတွင်း၌ တော်လှန်ရေးအားပေးပို့စ်များကိုတွေ့ခြင်း၊ လူမှုကွန်ရက်ပေါ်တွင် လက်နက်ကိုင် ဆောင်ထားသော PDF တပ်ဖွဲ့ဝင်များ၏ ရုပ်ပုံများကိုမျှဝေထားခြင်းတို့ကိုတွေ့၍ ရိုက်နှက်ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရိုက်နှက်ဖမ်းဆီးခံရသူမှာ အုတ်တွင်းမြို့တွင်နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ကိုဖိုးသဲဖြစ်ကြောင်း သိရ ပြီး ၎င်း၏နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့က Speed Boat များပါသယ်ဆောင်ကာ မြို့ချောင်းသို့ရောက်ရှိလာခြင်းဟုဆိုသည်။ ထို့နောက် ရဲနွယ်ဆည်မှ တဆင့် ရေကြောင်းအတိုင်း အထက်သို့တက်ရန် ပြင်ဆင်ခဲ့ကြကြောင်း မြေပြင်ထောက်ပို့ရဲဘော်၏ ပြောဆိုချက် အရသိရသည်။

“မနေ့က ရဲနွယ်ကနေတက်ဖို့ပြင်တာ။ Speed Boat တွေတောင် ပါတယ်။ ဒါပေမယ့် မတက်ဖြစ်လိုက်ဘူး။ မြို့ချောင်းအုပ်ကြီးနဲ့တွေ့ပြီး သောက်စားပြီး ကျောက်တံခါးထဲပြန်ဝင်သွားကြတယ် ” ဟု ကျောက်တံခါး ထောက်ပို့ရဲဘော်ကပြောသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီမိနစ် ၄၀ ခန့်တွင် အဆိုပါစစ်ကောင်စီတပ်သည် ကျောက် တံခါးမြို့နယ် သူဌေးကုန်းကျေးရွာသို့ရောက်ရှိနေပြီး သူဌေးကုန်းစာသင်ကျောင်းရှေ့တွင် လက်နက်ကြီး တပ်ဆင်နေကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၆၃ ဦးရှိပြီး ထိုအနက်မှ ၂၉ ဦးမှာ ချုပ်ရက်ပြည့်၍ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly