ပုံဟောင်းများဖြင့် ဘားအံကားဝင်းအတွင်း လက်နက်များဖမ်းမိသည်ဟု သတင်းမှားဖြန့်

By JC ( မဇ္ဈိမ)
17 July 2023
ပုံဟောင်းများဖြင့် ဘားအံကားဝင်းအတွင်း လက်နက်များဖမ်းမိသည်ဟု သတင်းမှားဖြန့်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကားဝင်းတွင်း၌ သတင်းပေးများကြောင့် လက်နက်များဖမ်းမိခဲ့ သည်ဟုဆိုကာ သတင်းဖြန့်ဝေမှုများ ရှိနေသည်။ အဆိုပါသတင်း၌ပါဝင်သောပုံများမှာ ပုံအဟောင်းများ ဖြစ်ပြီး လတ်တလော ဖမ်းဆီးရမိခဲ့သည့်အသွင် ဖြန့်ဝေနေခြင်းဖြစ်သည်။  

“Naw Shwe(သတင်းမှန်)”  တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၄ ရက်နေ့တွင် “နွေဦးတော်လှန်ရေးကြီး ချီးတွင်းထဲကျသွားသည့်နောက်ပိုင်း ခွက်ခေါက်တို့၏ ခေါင်းပုံဖြတ်ခိုးစားနေကြသည့် မကျေနပ်ခြင်းများ အား အလုအယက်သတင်းပေးလက်ချေကြလေပြီ” (မူရင်းအရေးအသားအတိုင်း)ဟုဆိုကာ ဘားအံမြို့ ကားဝင်းတွင် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံလေးပုံနှင့်အတူ ဖြန့်ဝေထားသည်။

 မန်းရွှေမြို့တော်ခရီးသည်တင်ယာဉ်ဖြင့် ကော့ကရိတ်မြို့မှဘားအံမြို့သို့မောင်းနှင်လာသည့် ကားပေါ်မှ လက်နက်များဖမ်းမိခြင်းဖြစ်ပြီး လက်နက်အမျိုးအစားအမည်များကိုလည်း ဖော်ပြထားသည်။

ထိုအကြောင်းအရာသည် နှစ်ရက်အတွင်း တယ်လီဂရမ်ချန်နယ်နှင့် ဂရုပေါင်း ၁၂ ခုတွင် ပြန့်နှံ့နေပြီး ကြည့်ရှုသူ ၁၄,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 

ထိုသတင်းတုပျံ့နှံ့မှုတွင် နေ့ရက်အတိအကျကိုမဖော်ပြထားသော်လည်း ထိုလက်နက်ပုံများဖြင့်“နန်းငယ်” တယ်လီဂရမ်ချန်နယ်၌ “ဇူ ၁၂ ရက်နေ့က ဘားအံတွင် မှန်လုံကားပေါ်တွင်ဖမ်းမိသည့်ဖြစ်စဉ်” ဟု ဖော်ပြ ထားသည်။ 
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက သတင်းတွင်ပါဝင်သည့်ဓာတ်ပုံများအား စစ်ဆေးခဲ့ရာ ပုံဟောင်းများဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါဓာတ်ပုံများထဲတွင် “Ko Thet” တယ်လီဂရမ်ချန်နယ်၏ ရေစာပါဝင်နေသည်။ Ko Thet တယ်လီ ဂရမ်ချန်နယ်တွင် ထိုပုံများဖြင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က “Breaking News ၊ မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က  pdf အတွင်းသတင်းပေး၏ သတင်းပေးမှုကြောင့် ဘားအံမြို့၊ ကားကြီးဝင်း အတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့” ဟုဆိုကာ ဖြန့်ဝေခဲ့သည်။ 

Voice of Myanmar သတင်းဌာနတွင်လည်း ထိုဓာတ်ပုံဖြင့် ဘားအံမြို့ ကားကြီးဝင်းထဲတွင် မတ်လ ၁၂ ရက်နေ့ညနေပိုင်းတွင် လက်နက်များဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လင့် - https://shorturl.at/josyA

Eleven သတင်းဌာနတွင်လည်း မတ်လ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ ကားကြီးဝင်းအတွင်း မှန်လုံယာဉ်တစ်စီးပေါ်မှ AK-47 ၊ M-16 အမျိုးအစားသေနတ်များအပါအဝင် သေနတ် ၁၉ လက်၊ ကျည် တောင့်များနှင့် ဗုံးသီးများ ဖမ်းဆီးရမိကြောင်း သတင်းဖော်ပြထားသည်။
လင့် https://news-eleven.com/article/245677

လတ်တလော လက်နက်ဖမ်းဆီးရခြင်းနှင့်ပတ်သက်၍ ဘားအံကားကြီးဝင်းတွင် နေထိုင်သူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ထိုသတင်းမကြားကြောင်း ဖြေဆိုသည်။

ထို့ကြောင့် ဘားအံကားဝင်းထဲတွင် အတွင်းသတင်းပေးမှုကြောင့် လက်နက်ဖမ်းဆီးခံရသည့်ဖြစ်စဉ်မှာ လွန်ခဲ့သည့်လေးလခန့် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို လတ်တလောဖြစ်ပွားခဲ့သည့်အသွင် သတင်းမှားဖြန့်ဝေ ထားခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly