ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲကြားရောက်သွားသည့် ခရီးသည်တင်ကား ပစ်ခတ်ခံရ၍ ၂ ဦးသေဆုံး

By သွင်ထူးဈာန် (မဇ္ဈိမ)
17 July 2023
ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲကြားရောက်သွားသည့် ခရီးသည်တင်ကား ပစ်ခတ်ခံရ၍ ၂ ဦးသေဆုံး
ပုံစာ။      ။ ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ခရီသည် ၂ဦးနှင့် ပစ်ခတ်ခံရသည့်ယာဉ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြစိမ်းရောင်လမ်းမ(ပုလိန်-ခလယ် လမ်း)ပေါ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ် ပွားနေစဉ် ခရီးသည်တင်ကားတစ်စီး စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်ခြင်းခံရကာ နှစ်ဦးသေဆုံးသွား ကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။ 

“ကားလမ်းမ ဟိုဘက်ဒီဘက်ပစ်နေကျတာ၊ ကြားထဲကို ဘုရားသုံးဆူကိုဆွဲနေတဲ့ ခရီးသည်တင်ကားဝင် လာတာ ကျနော်တို့က အရပ်သားကားဖြစ်တဲ့အတွက်ရပ်ပေးလိုက်ပေးမယ့် ရန်သူ(စစ်ကောင်စီတပ်ဖွဲ့) ဘက်က ဝိုင်းပစ်တာ။ ကားကတော့ရပ်သွားတယ် အရပ်သားတွေဆင်းပြေးကြတဲ့အချိန်မှ မပြေးနိုင်တဲ့သူ နှစ်ဦးကတော့ သေသွားတယ်”ဟု နဂါးနီဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။ 

အဆိုပါနေရာ၌ KNU/KNLA တပ်ရင်း(၁၆) ၊ နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲ၌  စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ငါးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့က ကားပေါ်တွင်ပါလာသည့် ခရီးသည် ၁၇ ဦးကို လူသားဒိုင်းအဖြစ် ပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သိရသည်။ အဆိုပါဖမ်းဆီးခံရသည့် ၁၇ ဦးတွင် အမျိုးသား ၁၃ ဦး နှင့် အမျိုးသမီးလေး ဦးပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စိုးရိမ်ရသည့်ဒဏ်ရာများရရှိထားကြသည်ဟု ဆိုသည်။

“အမျိုးသားနှစ်ယောက်ကတော့ လွတ်မြောက်လာတယ်။ မိုးရွာတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးလာ တာ။ ကျနော်တို့က သက်ဆိုင်ရာကိုအကြောင်းကြားပြီး စီစဉ်စရာရှိတာလုပ်ထားပြီး ပြုစုစောင့်ရှောက် ထားပါတယ်”ဟု နဂါးနီဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။ 

ကြာအင်းဆိပ်ကြီးဒေသတွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အရပ်သားများအား ဖမ်းဆီးခြင်း များပြုလုပ်နေကြောင်း ဒေသခံများကပြောကြားသည်။ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း  ပုလိန်ရွာသား ခြံလုပ်သားလေးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများအား စစ်ကောင်စီတပ်ဖွဲ့က  ယနေ့ ဇူလိုင်လ ၁၇ ရက် သတင်းမေးမြန်းချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း နဂါးနီစစ်ကြောင်းမှူးက မဇ္ဈိမသို့ ပြောသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required