အာဠာဝကစစ်ဆင်ရေး ပွဲဦးထွက်တွင် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးဟုဆို

By KMN (မဇ္ဈိမ)
16 July 2023
အာဠာဝကစစ်ဆင်ရေး ပွဲဦးထွက်တွင် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးဟုဆို
ဓာတ်ပုံ - ZERO ပြောက်ကျားတပ်ဖွဲ့  (ပုံဟောင်း)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်တွင် စတင်အကောင်အထည်ဖော်နေသည့် အာဠာဝကစစ်ဆင်ရေး ပွဲဦးထွက်တွင် စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

“အာဠာဝက စစ်ဆင်ရေးပွဲဦးထွက်ကို ဇူလိုင်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက မြင်းမူမြို့နယ်ဘက်မှာ ပွဲကထားပါတယ်။ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးခဲ့ပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း(၇) ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကိုသက်ကြီးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင် ၇ ရက်မှ ၁၃ ရက်နေ့အထိ မြင်းမူမြို့နယ်အတွင်း ဂုံညှင်းဆိပ်၊ ငကင်း၊ ကန်သုံးဆင့် စသည့်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်က ကျေးရွာတရွာအနီးတွင် ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်သား ၃၀ ခန့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကိုသက်ကြီးကဆိုသည်။ 

စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။

ZERO ပြောက်ကျားတပ်ဖွဲ့ကဦးဆောင်ပြီး ငွေကျပ် သိန်း ၂,၀၀၀ ရန်ပုံငွေရှာဖွေနေသည့် အာဠာဝကကမ် ပိန်းကို ဇူလိုင်လ ၅ ရက်မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ အကောင်အထည်ဖော်နေပြီး ပြည်သူများအနေဖြင့် အာဠာဝက စစ်ဆင်ရေးအတွက် လှူဒါန်းနိုင်ကြောင်း ၎င်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly