ကျိုက်ထိုတွင် ရွှေတွင်းလုပ်သားများအပါအဝင် အရပ်သား ၁၆ ဦး ဖမ်းဆီးခံရ 

By YT  (မဇ္ဈိမ)
15 July 2023
ကျိုက်ထိုတွင် ရွှေတွင်းလုပ်သားများအပါအဝင် အရပ်သား ၁၆ ဦး ဖမ်းဆီးခံရ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းမှ ရွှေတွင်းလုပ်သားအားလုံးအပါအဝင် အရပ်သား ၁၆ ဦးအား စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၊ တော်လှန်ရေးအင်အားစုများထံက သတင်းရရှိသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ ဝန်းကျင်အချိန်က ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးဝန်းကျင် ရောက်ရှိလာပြီး ရွှေတွင်းလုပ်ကွက်ရှိ ဘက်ဟိုးမောင်းသမား သုံးဦး၊ ရွှေတွင်းလုပ်သား ၁၀ ဦးတို့အပြင် ရွှေတွင်းအနီးအနားရှိ ပန်းသီရိ စိုက်ပျိုးရေးကုမ္ပဏီမှ မန်နေဂျာ ကိုမျိုးမြင့်ကျော်နှင့် ဝန်ထမ်းနှစ်ဦးတို့ကိုပါ ဖောကားဖြင့်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ 

" ကားနဲ့ဝင်လာတာ လူ ၅၀ လောက်ပါမယ်ထင်တယ်။ ယူနီဖောင်းတွေရော အရပ်ဝတ်တွေရောပါတယ်။  သေနတ်တွေ ပစ်တယ်။ လက်နက်ကြီးနဲ့လည်း အပေါ်ဘက်ကို ထုသေးတယ်။ ရွှေတွင်းထဲက တန်းလျားတွေတော့ အကုန်မီးရှို့ခံလိုက်ရတယ်။ တန်းလျားဆိုတာကလည်း အလုပ်သမားတွေနေတာဆိုတော့ ဖြစ်သလို ဆောက်ထားတဲ့ဟာတွေပဲ။ ဘာကြောင့်ဖမ်းသလဲတော့ ကျွန်တော်လည်း မသိဘူး" ဟု အင်္ဂဘိုကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

စစ်ကောင်စီတပ်သားများသည် ရွှေတူးဖော်ရေး လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများ နေထိုင်ရာ တဲ၊ တန်းလျားများအား မီးရှို့ဖျက်ဆီးခဲ့ကာ အနီးအနား ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ၊ သေနတ်များ ပစ်ခတ်ခဲ့သေးကြောင်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှ ရွှေမျှောစက်တစ်လုံး၊ ဘက်ဟိုးသုံးစီးတို့အား သိမ်းဆည်းသွားကြောင်း သိရသည်။ 

အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သည် ရန်ကုန်မြို့မှ ဦးအောင်အောင် ပိုင်ဆိုင်သည့် လုပ်ငန်းခွင်ဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းသည် လုပ်ငန်းခွင်အတွင်း မရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ 

" ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့အသေးစိတ် စုံစမ်းနေဆဲပါ၊ အဲ့ဒီရွှေလုပ်ကွက်တွေဆိုတာလည်း ကျွန်တော်တို့တော်လှန်ရေးဘက်နဲ့ သက်ဆိုင်မှုမရှိတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။ 

အဆိုပါ အရပ်သား ၁၆ ဦးအား လက်ရှိတွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တပ်မ (၄၄) ဌာနချုပ်နှင့် ကျိုက်ထိုမြို့နယ်ရဲစခန်းတို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စစ်ကောင်စီတပ်​၏ မကြာခဏ ဖမ်းဆီး စစ်ဆေးခံရလေ့ရှိသော်လည်း ရွှေတူးဖော်ရေးလုပ်ငန်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required